စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် အတင်းအဓမ္မ စစ်မှုထမ်းရန် စာရင်းလိုက်ကောက်နေသည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အငယ်တန်းစာရေး မြမြငြိမ်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံး သွားကြောင်း ရွှေဘိုအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မတ်လ ၂၃ ရက်နေ့ည ၂၄ ရက်နေ့ နံနက် စောစော ၁၂ နာရီခွဲအချိန်က ရွှေဘိုမြို့ပေါ်နေ လူငယ် များကို အတင်းအဓ္မစစ်မှုထမ်းရန် လိုက်လံစာရင်းကောက်နေသည့် အကြမ်းဖက်စစ်တပ် ဒေါက်တိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ အမှတ် ၇ ရပ်ကွက် စာရေး မြမြငြိမ်းကို မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးပြီးပစ်ခတ်ရှင်း လင်းခဲ့ရာ နေရာတွင်ပင်သေဆုံး သွားကြောင်း သိရသည်။
“မြို့ပေါ်တက်နေအိမ်ထဲအထိဝင်ဖမ်းလာတာ၊ အချိန်ကလည်း သိပ်အများကြီးမရတော့ လူနဲ့ သူ့ဘေး မှာထားတဲ့ ရုံးဝန်ထမ်းကတ်တွေ၊ စစ်မှုထမ်းဆင့်ခေါ်တဲ့ စာရွက်စာတမ်းတွေပဲ သိမ်းနိုင်ခဲ့တာ၊ ရဲဘော် တွေအားလုံးအေးအေး ပြန်လည် ထွက်ခွာနိုင်ခဲ့ပါတယ်၊ စစ်ခွေးလော်ဘီတယ်လီဂရန်တွေမှာတော့ ကျနော်တို့ မြို့ပေါ်တက်တယ်ဆိုတာ ချက်ချင်းသတင်းတွေတင်ကြတယ်” ဟု ရွှေဘိုအားမာန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သေဆုံးသူ မြမြငြိမ်းသည် အကြမ်းဖက်စစ်ကောင်စီအလိုကျ မြို့ပေါ် ရပ်ကွက်နေ ပြည်သူလူငယ် များအား စစ်မှု ထမ်းဆောင်ခိုင်းရန် ဖိအားပေး စာရင်း ကောက်ခံနေခြင်း၊ တော်လှန်ရေး ရဲဘော်များ ၏ သတင်းအချက်အလက်များကို အကြမ်းဖက်စစ်တပ်ထံ သတင်းပေးပို့နေခြင်း၊ ၎င်း၏သတင်းပေး ပို့မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှုများရှိကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို Flying Dragon Force၊ သိင်္ခအားမာန် ၊ရွှေဘိုအားမာန် ၊ Shwebo Crocodile မဟာမိတ်ဖြစ်သော ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိုလ်လင်းရောင်(ဒပယ) နှင့် ဇာမဏီဒေါင်း(ဒပယ) တန ၂ တပ်ပေါင်းစုတို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ အလိုကျလိုက်ပါလုပ်ဆောင်နေသည့်အုပ်ချုပ်ရေးမှူး ၊ ရာအိမ်မှူး ၊ ဆယ်အိမ်မှူးများနှင့် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ နောက်လိုက်များ အားလုံး၏ စာရင်းအတိအကျရရှိထာပြီး ၎င်းတို့၏ လုပ်ရပ်များ ရပ်တန့်ခြင်းမရှိပါက ဆက်လက် အပြစ်ပေး ရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။