စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် တောင်သူများ နွေစပါး ရိတ်သိမ်းပြီးချိန်တွင် အဝယ်မရှိ၍ အရှုံးပေါ်နေကာ ချည်ဈေးနှင့် ဆီဈေးများမြင့်တက်မှုကြောင့် ယက်ကန်း လုပ်ငန်းများလည်း ရပ်နားထားရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
လက်ရှိချိန်တွင် ရွှေဘိုမြို့နယ်အတွင်း စပါးဈေးသည် ၁၄ သိန်း ဝန်ကျင် ဈေးပေါက်ပြီး ဈေးကွက်တွင် အဝယ်မရှိဘဲ စပါးတင် ၅၀၀ ရောင်းချမှ စက်ပိုင်များက တင်း ၂၀၀ လောက်သာ ဝယ်ယူနိုင်ကြောင်း၊ ထို့ကြောင့် တောင်သူများက စပါးသိုလှောင်သူများကို အောက်ဈေးများဖြင့် ရောင်းချနေရပြီး အရှုံးပေါ်နေကြောင်း သိရသည်။
လယ် တစ်ဧက ကုန်ကျစရိတ်သည် ငွေကျပ် ၁၀ သိန်းမှ ၁၀ သိန်းကျော် အထက် ကုန်ကျပြီး လယ်တစ်ဧကလျှင် စပါး တင်း ၇၀ မှ ၈၀ သာ ထွက်သောကြောင့် စပါးပေါက်ဈေးနဲ့ပင် အရှုံးပြနေကြောင်း ဒေသပြည်သူများက ရှင်းပြသည်။
“စပါးစျေးက ၁၄ သိန်း ပေါက်တယ်။ စပါးတင်း ၅၀၀ ရောင်းမှ ၂ဝဝ လောက်ပဲ ဝယ်တာ အဲ့ဒါတောင်မှ စက်ပိုင်တွေက အားလုံး မဝယ်နိုင်ဘူး။ လှောင်လက်တွေကို အောက်ဈေးနဲ့ ရောင်းရတာ လယ်တစ်ဧကရဲ့ ကုန်ကျ စရိတ်က ၁၀ သိန်းနဲ့ ၁၀ သိန်းအထက်မှာရှိတာ လယ်အလွန် ကောင်းမှ တစ်ဧကကို စပါးတင် ၇၀ ကနေ ၈၀ ထွက်တာ အဲဒီအောက်ထွက် တောင်သူတွေဆို ခွက်ခွက်လှန်အောင် ရှုံးပါတယ်။ တစ်ဧက ၈၀ ထွက်တောင်မှ ၁၄သိန်းစျေးနဲ့ဆို အရှုံးပြပါတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
ထို့ပြင် ရွှေဘိုမြို့နယ်တွင် ပြည်သူများ အားထား၍ လုပ်ကိုင်ကျသော ယက်ကန်းလုပ်ငန်းများသည်လည်း ချည်ဈေးနှင့် ဆီဈေးများမြင့်တက်မှုကြောင့် ရပ်နားထားရကြောင်း သိရသည်။
လက်ရှိချိန်တွင် ရွှေဘိုမြို့နယ်အတွင်း တပိုက်တနိုင် ယက်ကန်း လုပ်ငန်းရှင်များ အားလုံးသည် လုပ်ငန်းများ ရပ်နားလိုက်ရပြီး ယက်ကန်းစင် ၁၀ စင်နှင့် အထက်ရှိသော လုပ်ငန်းများသာ အလုပ်သမား ထိန်းသည့်အနေဖြင့် လုပ်ငန်း ဆက်လက် လည်ပတ်နေရကြောင်း သိရှိရသည်။
“ချည်စျေးနဲ့ ဆီစျေးက နေ့စဥ် လိုလို တက်နေတာ အထည်(လုံချည်) စျေးက မတက်ဘူး။ လုံချည်တစ်အုပ်ကွင်းရဲ့ ကုန်ကျစရိတ်က ၁၃၀၀၀ ကျတာ ကိုယ်တိုင်ခတ်မှ ခတ်ခ ၁၅၀၀ ပဲရတာ အမြတ်မရလို့ ယက်ကန်းလုပ်သားလဲ မငှားနိုင်ဘူး။ ဒီကြားထဲ စင်ပျက်စက်ပျက်ရင် အိတ်ထဲက စိုက်ရတာ ယက်ကန်းက လုပ်ရင်းနဲ့ အရှုံးပြနေလို့ ရပ်ထားရတယ်။ ရွှေဘိုနယ်က တပိုင်တနိုင် ယက်ကန်းလုပ်ငန်းရှင်တွေ လုပ်ငန်းရပ်နာထားကြပြီး ယက်ကန်းစင် ၁၀ စင်နဲ့အထက် ရုံကြီးတွေ လောက်ပဲ လုပ်ကြတယ်၊ အလုပ်ဖြစ်အမြတ်ကျန်လို့တော့ မဟုတ်ဘူး။ အလုပ်သမားထိန်းရုံလောက်လုပ်ကြတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။