စစ်ကိုင်းတိုင်း ရွှေဘိုမြို့ နန်းတော်ထဲ ဝိုင်းဖွဲ့ အရက်သောက်နေတဲ့ စစ်အုပ်စုကို မနေ့က ဗုံးနှစ်လုံးနဲ့ ပစ်သွင်း တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ခုနှစ်ယောက် သေတယ်လို့ ရွှေဘိုစွန်ရဲ – LPDF တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
“မေ(၁၈)ရက် နေ့လည်(၁)နာရီကျော်က ရွှေဘိုမြို့ နန်းတော်ရာ အတွင်းမှာ သောက်စားမူးယစ်နေတဲ့ စကစ ခွေးများ အုပ်စုထဲသို့ အသင့်စောင့်ဆိုင်းနေတဲ့ ရဲဘော်က သံပုရာသီး နှစ်လုံး ဆက်တိုက် ပစ်ကျွေးခဲ့ရာ စကစ ခုနှစ်ကောင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီး ငါးကောင် ဒဏ်ရာအပြင်းအထန် ရခဲ့ပါသည်” လို့ ရွှေဘိုစွန်ရဲ – LPDF တပ်ဖွဲ့က
အဲ့ဒီ တိုက်ခိုက်မှုကို ရွှေဘိုစွန်ရဲ – LPDF တပ်ဖွဲ့၊ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – C&T Shwebo၊ Snake Eyes၊ မဟူရာရွှေဘိုသား၊ ဒေါင်းမာန်၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ နောင်ရိုး Army ၊ Flying Dragon Force နှင့် တိုက်နယ်(၂) မဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးထုခံရပြီးနောက် စစ်အုပ်စုက အနီးအနားက ပြည်သူတွေကို ရန်ပြု သောင်းကျန်းပြီး တချို့ကို ဖမ်းဆီးသွားတယ်လို့ ရွှေဘိုမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်။
“ရွှေဘိုမြို့ ရတနာသိင်္ဃ နန်းတော်အနောက်ဘက် မိုင်းနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရပါသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး စကစများ နန်းတော် အနောက်ဘက်မှ ပြည်သူများကို ဖမ်းဆီးသွားကြောင်း သိရ။ မိဘပြည်သူများ ဘေးအန္တရာယ်ကင်းကြပါစေ” လို့ ရွှေဘိုမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။
မနေ့က နေ့လည်ပိုင်း ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်မှာ ရှိနေတဲ့ စစ်အုပ်စုကို PDF တွေက လာရောက်ပစ်ခတ်ရာက အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး PDF တွေ ထွက်ပြေးသွားကြောင်းနဲ့ ထိခိုက်မှု တစုံတရာ မရှိဘူးလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
ရွှေဘိုမြို့ပေါ် အပါအဝင် ရွှေဘိုနယ်ထဲ စစ်အုပ်စုက လက်နက်အားကိုးနဲ့ အကြမ်းဖက်သောင်းကျန်းကာ လူသတ်၊ လုယက်၊ ဖမ်းဆီးငွေညှစ်၊ အိမ်မီးရှို့တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။