မန္တလေးတိုင်း၊ ရွှေဘို-စဥ့်ကူးလမ်းပိုင်းရှိ စစ်ဆေးရေးဂိတ် ပါဆယ်မိုင်းဖြင့် တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။
ယနေ့ (ဖေဖော်ဝါရီ ၂၂ ရက်)နံနက် ၈ နာရီခန့်က စဥ့်ကူးမြို့နယ်၊ ရွှေဘို-ကျောက်မြောင်း-စဥ့်ကူးလမ်းပေါ်ရှိ သီလကျေးရွာထိပ်တွင် ဂိတ်ကြေးကောက်နေသော စစ်ကောင်စီတပ်အား ပါဆယ် မိုင်းဖြင့် တိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-စဥ့်ကူးက သတင်းထုတ်ပြန်သည်။
တိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်၌ တာဝန်ကျနေသော ရဲမြင့်လွင်ဆိုသူ သေဆုံးကြောင်း ကင်းထောက်မြေပြင်သတင်းအဖွဲ့က ပြောသည်။
“တံတားဘက် အသွားဖြစ်တာနေမယ်။ အဲ့ရွာက စဥ့်ကူးမြောက်ဘက်မှာရှိတယ်။ စဥ့်ကူးအမှတ်(၁)ရပ်ကွက်ထဲမှာ စာရင်းပါတယ်။”ဟု ကင်းထောက်မြေပြင်သတင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။
သို့သော် ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဖြစ်စဥ်နှင့်ပတ်သက်၍ စဥ့်ကူး(ပကဖ)အဖွဲ့ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
စဥ့်ကူးမြို့နယ်သည် မန္တလေးတိုင်းအတွင်း တော်လှန်ရေးအင်အားကောင်းသောဒေသတစ်ခုဖြစ်ပြီး တိုင်းအတွင်းရှိ မတ္တရာ၊ သပိတ်ကျင်း၊ မိုးကုတ်မြို့နယ်များ၊ စစ်ကိုင်းတိုင်းရှိ ဝက်လက်၊ ရွှေဘိုမြို့နယ်များနှင့် စစ်ရေးအရ ဆက်စပ်မှုရှိသည်။