စစ်ကိုင်းတိုင်း၊ ရွှေဘို – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ (ဒီဇင်ဘာ ၁၄ ရက်) နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းမှ ကူကြီးကုန်းကျေးရွာဘက်သို့ စစ်ကြောင်း ထိုးလာသော အင်အား ၄၀ကျော်ပါ စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဝင် ၄ ဦးခန့် မျက်မြင်သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ကြောင်လက်သည်း Local PDFအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီဘက်က လေကြောင်းပစ်ကူလာ၍ တော်လှန်ရေးအင်အားစုများ ဆုတ်ခွာခဲ့ပြီး အထိအခိုက်မရှိကြောင်း သိရသည်။
“လေကြောင်းက MI-35နဲ့ ပစ်တာပါ။ ပစ်ခတ်တာက ၅ကြိမ်ပါ အတွဲလိုက်ဆွဲတာ။
ဝိုက်ပျံသန်းနေတာက ၁နာရီနီးပါး ကြာပါတယ်။ထိခိုက်ပျက်စီးမှုတော့ မသိရသေးပါဘူး။”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်မှုကို ကြောင်လက်သည်း Local PDF၊ ဗိုလ်စွန်ရဲ၊ ဗိုလ်ကျားကြီး၊ မီးတောက် Local PDF၊ Dynamite 2 Local PDF၊ တွေ့မရှောင် Local PDF၊ ကြောင်မျက်ရှင် Local PDFတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ရွှေဘို – မန္တလေးလမ်းမကြီးအား ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားခဲ့ပြီး ညနေပိုင်းတွင် ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့သည်။
ဒီဇင်ဘာ ၁၂ ရက်ကလည်း ရွှေဘို – မန္တလေးလမ်းနှင့် မုံရွာလမ်းဆုံရှိ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာအုပ်စု၊ ပန်းချီကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၀ကျော် မီးလောင်ပြာကျခဲ့သည်။