စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေး လမ်းပိုင်းတွင် ဒဏ်ရာရ စစ်သားများ တင်ဆောင်လာသော စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိဒ္ဓိရှင် တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၂၆ ရက်နေ့တွင် ရွှေဘိုမြို့နယ်မှ သံပြားကာ စစ်ကားဖြင့် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ရွှေဘိုမြို့ဘက်မှထွက်ခွာလာပြီး ဝက်လက်မြို့နယ်၊ လှတောကျေးရွာဘက်မှ ဒဏ်ရာရ စစ်သားများကို သွားရောက် ခေါ်ဆောင်ပြီး အပြန်လာစဥ် ရွှေဘို-မန္တလေး လမ်းပိုင်း တစ်လျှောက်တွင် တော်လှန်ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၂ လုံးပွိုင့် ၃-ပွိုင့် ပဒေသာမိုင်း ၃ လုံးပွိုင့် ၄-ပွိုင့် ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်သား ၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကားလမ်းတစ်လျှောက် လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်၍ ရွှေဘိုမြို့သို့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ပြန်လည်ဝင်ရောက်သွားကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို သိဒ္ဓိရှင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပန်းပျိုးလက် ပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ ဇာမဏီသွေး ပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ နဂါးမင်း ပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ ဒေါင်းတမာန် ပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ ဒေါင်းညီကို (LPDF)၊ Buffalo Soldiers (LPDF)၊ မဟူရာကျွဲရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ မဟူရာဆင်ရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ခွဲ၊ ယူကရိန်းဂျစ်ကား ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရွှေဘိုမြို့နယ်)၊ အောင်ဘော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရွှေဘိုမြို့နယ်)၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရွှေဘိုမြို့နယ်)နှင့် A4 စစ်နိုင် (ရွှေဘိုမြို့နယ်) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။