ရွှေဘို-မြစ်ကြီးနားလမ်းတွင် စစ်တပ်က အစစ်အဆေးများစွာဖြင့် လူငယ်များကို ဖမ်းဆီးနေကြောင်း စစ်ဆေးခံရမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ခရီးသည်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ရွှေဘိုမြို့အထွက် လေ့ကျင့်ရေးတပ်ဂိတ်တွင် ခရီးသည်တင်ကားများအားလုံးကို စစ်ဆေးပြီး လူငယ်များကို ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
“လေ့ကျင့်ရေးတပ်ရှေ့မှာ ကားပေါ်ကနေ ခရီးသည်တွေအားလုံး လမ်းဆင်းလျှောက်ရတယ်။ မှတ်ပုံတင်လေးတွေ ကိုင်ပြီးတော့ အဲဒီမှာ စစ်သားတွေက ဘယ်သွားမှာလဲ။ ဘာလုပ်မှာလဲ။ ဘယ်ကလာတာလဲ။ အဲဒါ အဖြေကို သေသေချာချာ မပေးနိုင်ရင် တစ်ခါတည်း ဖမ်းခေါ်ထားတယ်။ အထုပ်တွေပါ ယူခိုင်းပြီး ခေါ်ထားလိုက်တာ။ ပြီးရင် လေ့ကျင့်ရေးတပ်ထဲကို ခေါ်သွားတယ်” ဟု ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် လူငယ်များ ဖမ်းဆီးခံရမှုကို ကိုယ်တိုင် မျက်မြင်တွေ့ကြုံခဲ့ရသူတစ်ဦးကရှင်းပြသည်။
အလားတူ ယမန်နေ့ မြစ်ကြီးနားမြို့ပေါ်တွင်လည်း လူငယ် ၁၀ ဦးကို စစ်တပ်က ဧည့်စာရင်းဟုဆိုကာ ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးသွားကြောင်း သိရှိရသည်။
လက်ရှိတွင် နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးပြီး သန်းခေါင်စာရင်း မပြနိုင်သော ၊ ဧည့်စာရင်းတိုင်ထားခြင်းမရှိသော လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားပြီး တပ်သားစုဆောင်းရေးသို့ ပို့ဆောင်ကြောင်း၊ ဧည့်စာရင်းစစ်ရာတွင် ဌာနပေါင်းစုံ ပါဝင်သော စစ်ဆေးရေးအဖွဲ့ဖွဲ့စည်း စစ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“အခုက အုပ်ကြီးတွေ၊ မြို့နယ်ရဲမှူးတွေကို တစ်ရပ်ကွက် လူငယ် ၂၀ ပေးဖို့ရှာခိုင်းထားတယ်။ အဲဒါရဖို့ ဧည့်စာရင်း စစ်ရင်း အကုန်ဖမ်းခေါ်ပြီး ပို့နေတယ်လို့ သိရတယ်” ဟု မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက် အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတစ်ဦးက ရှင်းပြသည်။
ထို့အတူ တောင်ကြီးမြို့တွင်လည်း ဧည့်စာရင်းစစ်ဆေးရေးဟုဆိုကာ ဌာနပေါင်းစုံ ပါဝင်သော စစ်ဆေးရေးအဖွဲ့များဖွဲ့စည်းပြီး လူငယ်များကို ပစ်မှတ်ထား ဦးတည်စစ်ဆေးမှုများရှိနေကြောင်း သိရှိရသည်။