ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးခဲ့တဲ့ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့မှာရှိတဲ့ ရှမ်းကိုးရွာ၊ ထုံပရိဒေသက ဒေသခံပိုင် ဥယျာဉ်ခြံတစ်ခြံကို စစ်ကောင်စီတပ်ကဖျက်ဆီးခဲ့တယ်လို့ ဒေသခံနဲ့ မြေပြင်ကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။
ဥယျာဥ်ခြံတွေကို ချုံတွေရှင်းခိုင်းထားပေမယ့် မရှင်းလင်းထားလို့ဆိုပြီး စစ်ကောင်စီတပ်သားတွေနဲ့ မာရမ်းရွာရဲစခန်းမှူးက စိုက်ထားတဲ့ရာဘာပင်၊ ကွမ်းပင်တွေကို ခုတ်လှဲရှင်းလင်းခဲ့ပြီး ခြံကိုသိမ်းဆည်းတယ်ဆိုပြီးပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အခုလ ၂၀ ရက်ကနေ စပြီး ကော့သောင်းခရိုင်ထဲက ခမောက်ကြီးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် စက်တင်ဘာ ၂၂ ရက်မှာ ရှမ်းကိုးရွာဒေသကနေ ခမောက်ကြီး အမှတ် (၄) တံတားအထိ ၁၈ မိုင်လောက်အကွာအဝေးရှိတဲ့လမ်းဘေးဝဲယာမှာရှိတဲ့ ခြံတွေကို ချုံတွေရှင်းလင်းထားဖို့ စစ်ကောင်စီတပ်သားတွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတဆင့် အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ဥယျာဉ်ခြံအများစုဟာ ရာဘာပင်နဲ့ ကွမ်းပင် အတူတကွ စိုက်ပျိုးထားကြတဲ့ ဒေသခံတွေရဲ့ ခြံတွေ ဖြစ်ပါတယ်။ ချုံတွေကိုမရှင်းထားရင် ခြံပိုင်ရှင်ကိုအရေးယူပြီး ခြံကိုသိမ်းမယ်လို့ သတိပေးခဲ့တယ်လို့လည်း ဒေသခံကဆိုပါတယ်။
အခုလ ၂၃ ရက်မှာတော့ ခြံမရှင်းထားလို့ဆိုပြီး ထုံပရိဒေသက ဒေသခံပိုင် ဥယျာဥ်ခြံကို သိမ်းတယ်လို့ မာရမ်းရွာရဲစခန်းမှူးက ထုံပရိဒေသအုပ်ချုပ်ရေးမှူးကိုခေါ်ယူကာ တဆင့်ခံ ပြောခိုင်းခဲ့တယ်လို့ သိရပါတယ်။ အခုလိုသိမ်းဆည်းတဲ့ကိစ္စကို ဒေသခံဥယျာဥ်ခြံပိုင်ရှင်ကို တိုက်ရိုက်အသိပေးခဲ့ခြင်း မရှိပါဘူး။
“အဲဒီဥယျာဥ်ခြံအနီးအနားမှာ မိုင်းပေါက်ကွဲတာတွေ ဖြစ်ပွားခဲ့တယ်။ ပြီးတော့ ဥယျာဥ်ခြံကိုလည်း မရှင်းလင်းထားဘူးဆိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနေနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သိမ်းဆည်းခဲ့တာ” လို့ ဒေသခံအမျိုးသားတစ်ဦး က တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိတဲ့နေရာတွေမှာ လမ်းဘေးဝဲယာကချုံတွေရှင်းလင်းခိုင်းတာမျိုး မကြာခဏပြုလုပ်လေ့ရှိပါတယ်။ ခြံထဲက ချုံမရှင်းလင်းလို့ သိမ်းဆည်းတာမျိုးကတော့ အခုတကြိမ်က ပထမဆုံးဖြစ်ပါတယ်။