ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) နှင့်အတူ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)နှင့် တအာင်း တပ်မတော် (PSLF/TNLA)ကိုက သဝဏ်လွှာပေးပို့ အသိပေးသည်။
ရှမ်းပြည်တပ်မတော်(SSA) တည်ထောင်ခြင်း နှစ် (၆၀)ပြည့် အခမ်းအနားကို ဧပြီ ၂၄ရက်က ပြုလုပ်ခဲ့ရာ PNLOနှင့် TNLA တို့က သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ည်။
နှစ်ပေါင်း (၆၀)တော်လှန်ရေး ခရီးကြမ်းအတွင်း အသက်၊ သွေးချွေးနှင့် ခန္ဓကိုယ် ပေးလှူသွားခဲ့သည့် SSA၏ အာဇာနည်သူရဲကောင်းများနှင့် အသက်အိုးအိမ် စည်းစိမ်များစွန့်လွှတ်ပေးလှူခဲ့သည့် ရှမ်းပြည်သူလူထုတစ်ပ်လုံးကို လေးနက်စွာ ဦးညွှန်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNO/PNLA)က သဝဏ်လွှာပေးပို့သည်။
မြန်မာပြည်သူ တစ်ရပ်လုံးနှင့်အတတူ ရှမ်းပြည် အမျိုးသားများလည်း စစ်အာဏာရှင်စနစ် လက်အောက်မှ လွတ်မြောက်ရေးနှင့်ကိုယ့်ကံကြမ္မာကို ဖန်တီးပိုင်ခွင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ အာမခံချက်ရှိသောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု စနစ်တည်ဆောက်နိုင်ရေးအတွက် မပြီးပြတ်သေးသည့် ပြီးပြည့်စုံခြင်းမရှိသေးသည် ရှမ်းပြည်တိုင်းရင်းသားများ၏ အရေးကို အတူတကွ ချီတက် တိုက်ပွဲဝင်သွားကြပါစို့ဟု PNLAက တိုက်တွန်းသည်။
တအာင်းတပ်မတော်(PSLF/TNLA)ကလည်း သဝဏ်လွှာပေးပို့ခဲ့ရာ SSPP/SSA သည် PSLF/TNLA နှင့်အတူ ၂၀၁၀နောက်ပိုင်း ဖြစ်ပေါ်လာသည့် မြန်မာ့နိုင်ငံရေး အကြပ်အတည်းအား အဖြေရှာရန် အတူ တိုက်ပွဲဝင်ခဲ့ကြသည့် ညီနောင်မဟာမိတ် ဖြစ်သည့်နှင့်အတူ PSLF/TNLA တဖန်အားကောင်းလာရေး ဝိုင်းဝန်း ကူညီပေးခဲ့သည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည့်အတွက် ဝမ်းမြောက်စွာ မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ဖော်ပြသည်။
TNLA သည် SSPP/SSAနှင့် ဆက်လက်လက်တွဲသွားမည်ဖြစ်ပြီး ရှမ်းတိုင်းရင်းသားများနှင့်အတူ တအာင်းတိုင်းရင်းသားများအားလုံး အဖိနှိပ်ခံဘ၀မှ လွတ်မြောက်၍ ခေတ်သစ်ကမ္ဘာကြီးတွင် ငြိမ်းချမ်းပျော်ရွှင်စွာနေထိုင်နိုင်ရန် ဆောင်ရွက်သွားမည်ဟုလည်း သဝဏ်လွှာပေးပို့သည်။
SSA တည်ထောင်ခြင်းနှစ် (၆၀)ပြည့်အခမ်းအနားသို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီကလည်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း SSPPက အသိပေးထားသည်။
SSPPသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည့် အဖွဲ့ဖြစ်သည်။ တစ်ဖက်တွင်လည်း စစ်ကောင်စီနှင့် စစ်ရေးတင်းမာမှုအချို့၊ တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သည်။