ကရင်နီပြည်ခေတ္တအခြေစိုက်၊ ရှမ်းပြည်တောင်ပိုင်းက ဒရုန်းတပ်ဖွဲ့နှစ်ခုဖြစ်တဲ့ Danu Drone Force နဲ့ Special Operation Drone Force တပ်ဖွဲ့တို့က မြေပြင်မှာ အရေးပါပြီး လိုအပ်နေတဲ့ ဒရုန်းကမ်ပိန်းကို ဖေဖော်ဝါရီလ ၁၉ ရက်ကစပြီး တလ တိတိ ပြုလုပ်သွားမယ်လို့ ကမ်ပိန်းတာဝန်ရှိသူ ကိုနိုင်းနိုင်းက ပြောပါတယ်။
Cherry Land ကမ်ပိန်းမှာ တားဂတ်အနေနဲ့ သိန်း ၈၀၀ သတ်မှတ်ထားပြီး ရရှိငွေတွေကို ဒရုန်း နှစ်စင်းနဲ့ ဒရုန်းဗုံးသီးတွေ ဝယ်ယူရာမှာ အသုံးပြုသွားမယ်လို့ဆိုပါတယ်။
“ဒီချယ်ရီမြေ ပရောဂျက် ရဲ့ရည်ရွယ်ချက်က ရှမ်းတောင်တပ်ရင်းတပ်ဖွဲ့ ၂ ဖွဲ့ ဒရုန်း ၂ စင်းရရှိရေးအတွက် ပြည်သူများထံမှကောက်ခံခြင်းဖြစ်ပါတယ်။ တိုက်ပွဲတစ်ခုမှ လနကြီး လနငယ်တွေအရေးပါသလို ဒရုန်းတစ်စင်းရဲ့ပါဝင်မှုကလည်းမရှိမဖြစ်ပါပဲ။ ရှမ်းတောင်မှမိဘပြည်သူများကလည်း မိမိတို့ရှမ်းတောင်ကိုလွတ်လပ်စွာခြေဆန့်နိုင်ဖို့ဖြစ်တဲ့အကြမ်းဖက်စကစကိုတော်လှန်နေတဲ့ဒီပွဲမှာ အရေးပါတဲ့ကမ်ပိန်းတစ်ခုဖြစ်တာကြောင့် ပါဝင်ပေးကြပါလို့အကူညီတောင်းခံလိုပါတယ်။”လို့သူက ပြောပါတယ်။
ကမ်ပိန်းကနေ ခုလက်ရှိအချိန်အထိ ၅၀ ရာခိုင်နှုန်း အလှူငွေကောက်ခံရရှိထားပြီး ကျန်ရှိနေတဲ့ ကမ်ပိန်းသတ်မှတ်ရက်တွေမှာ ပါဝင်ပေးကြဖို့ကို တောင်းဆိုထားပါတယ်။
ဒရုန်းတပ်ဖွဲ့ နှစ်ဖွဲ့က တခြားမဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဖယ်ခုံမြို့နယ်တွင်းရှိ ရွှေပြည်အေးစခန်းကုန်း နဲ့ လွယ်ပတာစခန်းကုန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဆီဆိုင်မြို့နယ်တိုက်ပွဲတွေမှာလည်း ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။