ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီး ကနေ မိုင်းပွန်မြို့သွား ကျောက်တန်းရှောင်ကွင်းလမ်းမှာ အနည်းဆုံးကား ၁၀ စီးကျော် တိမ်းမှောက်ရာမှာ သေဆုံးသူ ၄ ဦးနဲ့အထက်ရှိနေကာ ဒဏ်ရာရသူ အများအပြား ရှိနေတယ်လို့ သိရပါတယ်။
တောင်ကြီးဘက်ကနေ ရှမ်းအရှေ့ ကျိုင်းတုံ-မိုင်းဆတ်သွား ပြည်ထောင်စုလမ်းမကြီးကို တိုက်ပွဲတွေကြောင့် စစ်ကောင်စီက ပိတ်ထားလို့ ဟိုပုံး-မိုင်းပွန် ရှောင်ကွင်းလမ်း ကျောက်တန်းဘက်ကနေ ကားတွေ သွားရင်း လမ်းကြမ်းပြီး အတက်အဆင်းကြမ်းတာတွေကြောင့် တိမ်းမှောက်တာလို့ သိရပါတယ်။
အဆိုပါလမ်းဟာ ရွာဆက်ပြတ်ပြီး လူသူဝေးတာကြောင့် ကားတိမ်းမှောက်လို့ ဒဏ်ရာရသူအချို့တောင် လမ်းခရီးမှာပဲ သေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အချို့ဆိုရင် ကယ်သူမရှိဘဲ မိသားစုဝင်တွေသိမှ လာခေါ်ကြရတာလို့ ဒေသခံ ၁ ဦးက မဲခေါင်ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။
`မှောက်တာ ၁ ရက် ၁၀ စီးနှုန်းလောက်ရှိတယ်၊ သေတာလဲ ၃ ဦးက ၅ ဦးရှိနိုင်တယ်။ အဲထက်လဲ ပိုနိုင်တယ်၊ ဒဏ်ရာရသူတွေကများပါတယ်၊ ဖြစ်ရင် ဆေးရုံအချိန်မီမရောက်နိုင်ဘူး၊ လမ်းတဝက်မှာသေသွားတာလဲ များတယ်၊ အခုအဲလမ်းကို ငရဲလမ်းလို့ခေါ်ကြတယ်” လို့ သူက ပြောပါတယ်။
ယင်းဖြစ်ရပ်နေရာတွေဆီကို ပရဟိတအသင်းတွေလဲ မလာရဲကြသလို ကားတွေတိမ်းမှောက်ရတာဟာ ဘရိတ်ပေါက်တာ အများဆုံးဖြစ်ပြီး အဆင်းနဲ့အတက်မှာ ဝိတ်မနိုင်လို့ နောက်လိမ့်ကျလို့ သေဆုံးရတာတွေဖြစ်နေကာ အခြားသူတွေလဲ ဘာမှ လုပ်မပေးနိုင်တဲ့အခြေအနေနဲ့ ကုန်ကား၊ ယဉ်ငယ်၊ ယာဉ်ကြီး အိမ်စီးကား၊ ဆိုင်ကယ်အစုံ ဖြစ်နေတာလို့ သူကပြောပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက် မနေ့ည နောက်ဆုံးဖြစ်တာက ကားကြီးဘရိတ်ပေါက်ပြီး ဆိုင်ကယ်ကို ဝင်ကြိတ်သွားတာမှာ လူတောင်အစရှာမရဖြစ်နေတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။
ဒီလမ်းကို လာမယ်ဆိုရင် ကုန်မတင်ဖို့၊ ကားကောင်းဖို့၊ ဘရိတ်ကောင်းဖို့၊ ကားမောင်းကျွမ်းကျင်ဖို့၊ တောင်ဆင်း တောင်တက် ဂီယာကြီးနဲ့ ထိန်းဖို့၊ လူတွေ ဆင်းလမ်းလျှောက်ဖို့၊ ဆိုင်ကယ်တွေ ကားတွေနားသိပ်ကပ်မလိုက်ဖို့နဲ့ အမြန်မမောင်းကြဖို့ အကြံပေးလို့တယ်လို့ သူကပြောပါတယ်။
တောင်ကြီး-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး အနီး ဟိုပုံး၊ မိုင်းပွန် ကြား ကားလမ်းအနီး ကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွားနေရာ ကျေးရွာများကို လေယာဉ်နဲ့ဗုံးကြဲခြင်း၊ လက်နက်ကြီးနဲ့ပစ်ခတ်ခြင်းများအပြင် မြေပြင်တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး ပိတ်ထားတာပါ။
ခရီးသွားကားများအနေဖြင့် ကျောက်တန်းလမ်းမှ ဖေဖော်ဝါရီ ၂၂ ရက် က စပြီးသွားလာခဲ့ရာမှာ လမ်းကြမ်းတမ်းမှုကြောင့် ကားတွေတိမ်းမှောက်ကာ ပြည်သူတွေ အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနေကြတာဖြစ်ပါတယ်။