စစ်ကောင်စီ အကျိုးဖြစ်ထွန်းစေမယ့် ယန္တရားတွေကို အရှိန်မြှင့် တိုက်ဖျက်သွားမယ်လို့ ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း တော်လှန်ရေးတပ်ပေါင်းစု ၆ ဖွဲ့က ဒီကနေ့ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။
KNDF ဖယ်ခုံဇုန်၊ မိုးဗြဲ PDF၊ PDF (၁၀၀၄) တပ်ရင်း၊ ဖယ်ခုံ PDF အဖွဲ့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ ၆ ဖွဲ့က စစ်ကောင်စီကို အကျိုးဖြစ်စေတဲ့ လုပ်ရပ်တွေ၊ ယန္တရားတွေကို တိုက်ဖျက်ဖို့ လုပ်ငန်းစဉ် ၄ ရပ် တိုးမြှင့် လုပ်ဆောင်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီအတွက် အကျိုးဖြစ်စေတဲ့ ထုတ်ကုန်ပစ္စည်းများ ရောင်းဝယ်ခြင်း၊ ကုန်သွယ်ခြင်း လုံးဝ ခွင့်မပြုကြောင်းနဲ့ လူမှုဘဝကို ဖျက်ဆီးနေတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ထုတ်လုပ်ခြင်း အသုံးပြုခြင်းကို လုံးဝ ခွင့်ပြုမှာ မဟုတ်ဘဲ မလိုက်နာပါက ထိရောက်စွာ အရေးယူမယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီနဲ့ ပူးပေါင်းပြီး သတင်းထောက်လှမ်းပေးတဲ့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကို မဆို စစ်ရေး ဥပဒေအရ ထိရောက်စွာ အရေးယူမယ်လို့လည်း တပ်ပေါင်းစုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီနဲ့ စစ်ရေးအရ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု၊ ထောက်ပံ့ကူညီမှု စတဲ့ လုပ်ရပ်များ ဆောင်ရွက်နေတဲ့ ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းကို မဆို ထိရောက်စွာ အရေးယူမယ်လို့လည်း ပူးပေါင်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
“စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ၊ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ စစ်ကောင်စီ သက်ဆိုးရှည်စေမယ့် အလုပ်ကို လုပ်နေသူတွေကို ပိုပြီး တိုးမြှင့် အရေးယူသွားမှာ ဖြစ်ပါတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီအတွက် အင်အားဖြစ်စေတဲ့ လုပ်ရပ်များ၊ အထောက်အပံ့များကို ဖြိုဖျက်နိုင်မှသာ တော်လှန်ရေး အောင်မြင်မှုခရီး အမြန်ပြီးမြောက်မယ်လို့ ခံယူတာကြောင့် တပ်ပေါင်းစု အနေနဲ့ ပြည်သူလူထု တစ်ရပ်လုံးနဲ့ ခိုင်ခိုင်မာမာ လက်တွဲပြီး ဒီလုပ်ငန်းစဉ်တွေ အရှိန်မြှင့်ဖို့ ဆုံးဖြတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဆောင်ရွက်မယ့် လုပ်ငန်းတွေ အောင်မြင်ဖို့အတွက် ပြည်သူ တစ်ရပ်လုံးက ပူးပေါင်းပါဝင် ပေးကြဖို့ တောက်လှန်ရေး တပ်ပေါင်းစုက တိုက်တွန်းထားပါတယ်။