ရှမ်းပြည်နယ် တောင်ပိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးအပတ်လောက်က ပြောင်းဈေးထိုးကျလာပြီး တောင်သူတွေ အရှုံးပေါ်နေတယ်လို့ ပွဲရုံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
လတ်တလောမှာ ၈ လတာကာလအတွင်း ပြောင်းဈေး အနိမ့်ဆုံး ရောက်ရှိနေပြီး တောင်သူတွေဟာ ရတဲ့ဈေးနဲ့ ထိုးရောင်းနေရတယ်လို့ ဆိုပါတယ်။
ပင်လောင်းဒေသ တောင်သူတစ်ဦးက “ရွာထဲမှာ လာလိုက်ဝယ်တယ်။ ဈေးနှိမ်တော့ တချို့က မရောင်းကြဘူး။ ငွေတိုးယူပြီး စိုက်တဲ့ လူတွေတော့ ရောင်းကြတာပေါ့။ နည်းနည်းတော့ ထပ်စောင့်ကြည့်ချင်သေးတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ထိုင်းနိုင်ငံအတွင်း ပြောင်းဈေး ကျဆင်းလာတာနဲ့အတူ ပြည်တွင်း ပြောင်းဈေးကွက်လည်း တစ်ပိဿာ ၁,၃၀၀ ကျပ်ကနေ ၁၂၀၀ ကျပ်အထိ ကျဆင်းလာခဲ့တာပါ။
အဲဒီနောက် အောက်တိုဘာလ ကုန်ခါနီးလောက်မှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲ ဖြစ်လာပြီး ၈၀၀ ကျပ် ဝန်းကျင်အထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်းက ပင်လောင်း၊ ဆီဆိုင်၊ ညောင်ရွှေ၊ ကလော စတဲ့မြို့နယ်တွေမှာ ပြောင်းစိုက်ပျိုးကြပြီး တောင်ယာ သိမ်းချိန်တွေမှာ အညာဒေသက ပြောင်းဖူးစေ့အသစ် အလုံးအရင်းနဲ့ ဝင်ရောက်လာခြင်း၊ ပြည်ပပို့ကုန် ရပ်တန့်ခြင်း၊ တင်ပို့တဲ့ လမ်းတစ်လျှောက်မှာ တိုက်ပွဲဖြစ်နေခြင်း စတဲ့ အကြောင်းအရာတွေကြောင့် တောင်သူတွေ နှစ်တိုင်း အရှုံးပေါ်နေတယ်လို့ စုံစမ်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လတုန်းကလည်း ကမ္ဘာ့ ပြောင်းဈေး ကျဆင်းလာတာနဲ့အတူ စစ်ကောင်စီရဲ့ ပို့ကုန်တင်ပို့မှု မူဝါဒပြောင်းလဲတာတွေနဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေကြောင့် ပြောင်းတစ်ပိဿာ ၆၀၀ ကျပ်အထိ စံချိန်တင် ကျဆင်းခဲ့ပါသေးတယ်။