ရှမ်းပြည်တောင်ပိုင်းမှာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေနဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရပ်သား သေဆုံးသူ ၆၁ ဦးအထိ ရှိပြီလို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO)က ဧပြီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သေဆုံးသူ ၆၁ ဦးဟာ ဆီဆိုင်မြို့တိုက်ပွဲ စတင်တဲ့ ဇန်နဝါရီ ၂၁ ရက်ကနေ ဧပြီလ ၁၃ ရက်အထိ ၃ လနီးပါး ကောက်ယူထားတဲ့ စာရင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ တိုက်ပွဲတွေဟာ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်နဲ့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင်းက ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင် စတဲ့မြို့နယ်တွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တိုက်ပွဲအတွင်း လက်နက်ကြီး ထိမှန်ခြင်းကြောင့် ၁၈ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၆ ဦး၊ ဖမ်းဆီးခံရပြီး သေဆုံးသူ ၁၅ ဦး၊ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူ ၁၂ ဦး အထိ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလောင်းစစ်ဆေး တွေ့ရှိချက်အရ သေဆုံးသူထဲမှာ အမျိုးသား ၄၃ ဦး၊ အမျိုးသမီး ၄ ဦး ပါဝင်ပြီး ကျန် ၈ ဦးကတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုကြောင့် ဈေးတစ်ဈေး၊ ဆေးရုံ/ခန်း ၄ ခု၊ လမ်းတံတား ၂ ခု၊ စာသင်ကျောင်း ၁၂ ခု၊ ဘာသာရေး အဆောက်အဦး ၂၅ လုံးနဲ့ လူနေအိမ် ၅၅၂ လုံး မီးလောင်ပြာကျ ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၃ နှစ်အောက် ကလေးသူငယ် ၁၀ ဦးအထက်ရှိပြီး လက်ရှိ အချိန်အထိ စစ်ဘေးတိန်းရှောင်နေသူ ၇၀,၀၀၀ ကျော် ရှိတယ်လို့ PYO တာဝန်ရှိသူတွေရဲ့ စုံစမ်းချက်အရ သိရပါတယ်။