စက်တင်ဘာလ ၈ရက်နေ့ နေ့လည်ခင်း ၁၂နာရီ ၅၆မိနစ်အချိန်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ စလင်းကျေးရွာနဲ့ စလောင်းကျေးရွာကြားရှိဆောင်းဖွေးဆေးရုံအနီးတဝိုက်ကို စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ဆောင်းဖွေးဆေးရုံအနီးတဝိုက်ကို စစ်ကောင်စီတပ်မှ ပေါင် ၅၀၀ဗုံးတစ်လုံးအပါအဝင် ဗုံး၅လုံးခန့်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူတွေနဲ့ အဆောက်အဦးတွေကိုတော့ ထိခိုက်မှုမရှိကြောင်း ကနဦးသတင်းရရှိပါတယ်။
ဒါ့အပြင် စက်တင်ဘာလ ၇ရက်နေ့ ည ၁၁နာရီဝန်းကျင်ခန့်ကလည်း စလောင်းကျေးရွာနဲ့နီးတဲ့ စုပေါင်းရေကန်အနီးတဝိုက်ရှိ လယ်ကွက်ထဲကို စစ်ကောင်စီမှ တိုက်လေယာဉ်နဲ့ ဗုံးသီး ၂လုံးလာရောက်ကြဲချခဲ့ပြီး အဲ့ဒီဗုံး ၂လုံးဟာ ပေါက်ကွဲမှုမရှိခဲ့ကြောင်း သိရပါတယ်။