ရှမ်းပြည်တောင်ပိုင်းက ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်က မတ်လ ၁၆ ရက်အထိ ရက်ပေါင်း ၆၀ အတွင်း အရပ်သားသေဆုံးသူ ၄၉ ဦးနဲ့ ဒဏ်ရာရသူ ၆၄ ဦးတို့ ရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က ယနေ့ မတ်လ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ယင်းထုတ်ပြန်ချက်မှာ လေကြောင်းတိုက်ခိုက်မှု ၄၂၅ ကြိမ်နဲ့အထက်၊ လက်နက်ကြီးပစ်ခတ်မှု ၂၁၂၀ နဲ့အထက်၊ အရပ်သား သေဆုံးသူ ၄၉ ဦး၊ ဒဏ်ရာရသူ ၆၄ ဦး၊ ဖမ်းဆီးခံရသူ ၂၀ ဦး၊ အဆောက်အဦထိခိုက် ပျက်စီးမှု ၄၂၉ ခု နဲ့ စစ်ဘေးရှောင် ၁၀၁၈၀၀ ဦးရှိတယ်လို့ ပါရှိပါတယ်။
သေဆုံးရတဲ့အကြောင်းတွေမှာ လက်နက်ကြီးထိမှန်လို့ ၁၄ ဦး၊ လေကြောင်းက တိုက်ခိုက်လို့ ၁၄ ဦး သေဆုံးသူ၁၃ ဦးနဲ့ အခြားသေဆုံးမှုဖြစ်တဲ့ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသူ ၈ ဦးရှိတယ်လို့ ပါရှိပါတယ်။
ဒဏ်ရာရသူစာရင်းမှာ လက်နက်ကြီးကြောင့် ၁၈ ဦး၊ လေကြောင်းက တိုက်ခိုက်လို့ ၃၈ ဦးနဲ့ အခြားဒဏ်ရာရတဲ့ မိုင်းနင်းမိတာ ၆ ဦးရှိတယ်လို့ ဆိုပါတယ်။
စစ်ဘေးတိမ်းရှောင်မှုမှာတော့ ပင်လောင်း ၁၇၃၀၀ ဦး၊ ဟိုပုံး ၁၈၆၀၀ နဲ့ ဆီဆိုင် ၆၅၉၀၀ ဦး တို့ဖြစ်ပြီး ၂၃၀၀ ဦးနဲ့အထက်မှာ ကရင်နီစစ်ရှောင်တွေ ဖြစ်တယ်လို့ ပါရှိပါတယ်။
စစ်ဘေးရှောင်ရာမှာ အများစုက မြို့တွေပေါ် ရှောင်နိုင်ကြပေမယ့် အချို့မှာတောတောင်တွေထဲ ရှောင်ရင်းကာလရှည်ကြာလာတာနဲ့အမျှ ဝင်ငွေမရှိတဲ့အပြင် ကျန်းမာရေးချို့ယွင်းလာမှုတွေကြောင့် အခက်အခဲတွေ များစွာ ရှိနေကြတယ်လို့ သိရပါတယ်။