ရှမ်းပြည်နယ်အခြေစိုက်၊ အမှတ် ၁၀၀၈တပ်ရင်း -SSRY တပ်ခွဲ ၁ Eagle Force တပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုတယ်လို့ တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
“တောင်တန်းပြည်မ ဒေသအစုံက ပြည်ထောင်စုသား တိုင်းရင်းသားအစုံရှိပါတယ်။ မတူညီတဲ့ ဘာသာစကား၊ ဓလေ့ထုံးတမ်း၊ ရိုးရာတွေကို လေးစားလိုက်နာပြီး တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေး ရရှိရေးအတွက် တိုက်ပွဲဝင်နေပါတယ်” လို့ တပ်ခွဲ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
တပ်ခွဲ ၁ Eagle Force မှာ ရှမ်း၊ ကယား၊ ကယန်း၊ အင်း၊ ဓနု၊ ပအိုဝ်း၊ ဗမာ၊ ကရင် စတဲ့ တိုင်းရင်းသားလူငယ်ရဲဘော်ပေါင်းစုံက တာဝန်အသီးသီးထမ်းဆောင်နေပြီး စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
၇၇ ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုရင်း မတူညီတဲ့ဒေသက တိုင်းရင်းသားလူမျိုးပေါင်းစုံက တူညီတဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ပေါက်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ တပ်ဖွဲ့ ရဲဘော်တွေက သစ္စာအဓိဌာန်ပြုတယ်လို့ဆိုပါတယ်။
တပ်ခွဲ ၁ Eagle Force အဖွဲ့က ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်က တော်လှန်ရေးအင်အားစုတွေနဲ့အတူ တိုက်ပွဲများစွာကို ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ရှမ်းပြည်နယ်က တိုက်ပွဲစစ်မျက်နှာပြင်မှာရှိနေတယ်လို့ သိရပါတယ်။