ရှမ်းပြည်တောင်ပိုင်းက ထွက်ရှိတဲ့ အာလူးတွေဟာ အရင်နှစ်တွေထက် တစ်ဝက်နီးဈေးနီးပါး ကျဆင်းလာတာကြောင့် တောင်သူတွေအတွက် အရှုံးပေါ်နေတယ်လို့ ပွဲရုံနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဒီနှစ် မတ်လလောက်က ထွက်ရှိတဲ့ အာလူးတွေဟာ တစ်ပိသာ ၁၅၀၀ – ၁၇၀၀ ကျပ် ပတ်ချာလည် ဈေးသာ ရရှိတာကြောင့် အရင်နှစ် ပေါက်ဈေးဖြစ်တဲ့ ၃,၅၀၀ – ၄,၀၀၀ ကျပ်ဝန်းကျင်ဈေးနဲ့ နှိုင်းယှဉ်ရင် ၂ ဆနီးပါး လျော့နည်းသွားတယ်လို့ ဆိုပါတယ်။
နောင်တရားရှိ အာလူးစိုက် တောင်သူ တစ်ဦးက “ပွဲရုံ တက်ရောင်းရင်တော့ ၂,၅၀၀ လောက် ရတာပေါ့။ ဒါပေမယ့် ဓါတ်ဆီဖိုး၊ လမ်းစရိတ် ကုန်တာနဲ့ ဘာမှ မထူးပါဘူး။ အတူတူလောက်ပဲ ကျတယ်။ နောက်နှစ်တောင် ပြန်စိုက်ဖို့ မစဉ်းစားရဲသေးဘူး” လို့ ပြောပါတယ်။
အာလူးဈေးကျလာတဲ့ အဓိက အကြောင်းအရင်းဟာ အာလူးအထွက်နှုန်း များလာခြင်း၊ တရုတ်ဘက်မှ အာလူးဝင်လာခြင်း၊ ပွဲရုံတွေအနေနဲ့ တောင်သူတွေဆီ ဈေးနှိမ် ဝယ်ယူပြီး အမြတ်တင် ပြန်လည် ရောင်းချခြင်းတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်အတွင်း မြေဩဇာ၊ ပိုးသတ်ဆေးနဲ့ အလုပ်သမားခ စတဲ့ စိုက်ပျိုးစရိတ်တွေ မြင့်တက်လာတာကြောင့် အာလူးဈေးကောင်း မရခြင်းဟာ တောင်သူတွေအတွက် နစ်နာဆုံးရှုံးမှုကြီးတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်းက ပင်လောင်း၊ နောင်တရား၊ ဘော်ဆိုင်း၊ ဟဲဟိုး၊ ပင်းတယ၊ ရွာငံ စတဲ့ဒေသတွေမှာ ရေသွင်းနဲ့ ကုန်းပေါ်နည်းဆိုပြီး ၂ မျိုး စိုက်ပျိုးကြတယ်လို့ တောင်သူတွေက ပြောပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်းက အာလူးတွေဟာ ဇူလိုင်၊ ဩဂုတ်လမှာ တစ်ကြိမ်နဲ့ မတ်၊ ဧပြီလမှာ တစ်ကြိမ် ထွက်ရှိကြတယ်လို့ စုံစမ်းသိရပါတယ်။