ရှမ်းပြည်နယ် တောင်ပိုင်း အခြေစိုက်၊ (၁၀၀၈) တပ်ရင်း၊ တပ်ခွဲ( ၂) – Cobra Force က လေကြောင်း စစ်ဆင်ရေးများ ပြုလုပ်နိုင်ဖို့ အတွက် ဒရုန်း တစ်စင်း ဝယ်ယူဖို့ အရေးပေါ် ကမ်ပိန်း “ဝဿန်မိုးရဲ့ Cobra အားမာန်” ကို ပြုလုပ်နေတယ်လို့ သိရပါတယ်။
ကမ်ပိန်း ကာလမှာ ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၁၀ ရက်နေ့ အထိဖြစ်ပြီး တစ်ပတ်အကြာ ယနေ့ထိ ၁၀ ရာခိုင်နှုန်းကျော်သာ ရရှိသေးတယ်လို့ သိရပါတယ်။
“လေကြောင်း စစ်ဆင်ရေး စနေပြီဆိုတော့ Hexacopter အမျိုးအစား ဒရုန်း လိုနေတာပါ။ အဲ့တာရှိရင် ရန်သူ လှုပ်ရှားမှုနဲ့ တည်နေရာကို တိတိကျကျ သိနိုင်တယ်။ သိန်း ၁၀၀ လို့တော့ မှန်းထားတယ်။ ရတာ အရမ်းနည်းနေသေးတယ်” လို့ ကမ်ပိန်း စီစဉ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
တော်လှန်ရေး မဟာမိတ်တွေနဲ့အတူ ဒရုန်းစစ်ဆင်ရေးတွေ ဖော်ဆောင်နိုင်ဖို့ “ဝဿန်မိုးရဲ့ Cobra အားမာန် သိန်း ၁၀၀ ကမ်ပိန်း” မှာ ပြည်တွင်း ပြည်ပမှ မိဘပြည်တွေ အားလုံး ဝိုင်းဝန်းကူညီ ပေးကြဖို့ အမှတ် (၁၀၀၈)၊ ရှမ်းတောင် တပ်ရင်း၊ တပ်ခွဲ (၂) Cobra မှ မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။
ကူညီထောက်ပံ့လိုသူတွေ အနေနဲ့ Cobra တပ်ခွဲရဲ့ ဖေ့ဘွတ် လူမှုကွန်ရက် စာမျက်နှာ “၁၀၀၈ တပ်ရင်း -တပ်ခွဲ ၂ – Cobra Force” မှာ လှူဒါန်း ထောက်ပံ့နိုင်တယ်လို့ သိရပါတယ်။