ကရင်နီပြည် အခြေစိုက် ရှမ်းတောင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (SSPDF) ၁၀၀၅ တပ်ရင်းက ပြုလုပ်တဲ့ “ရဲဘော်များအတွက် ရိက္ခာထောက်ပို့ ဆန်အိတ် ၃၀” ချဲလန့် (Chellenge) အစီစဉ်ဟာ သတ်မှတ်အရေအတွက်ထက် ၁၁၅ ရာခိုင်နှုန်းကျော်လွန်ပြီး အောင်မြင်သွားတယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂၆ ရက်နေ့က စတင်ခဲ့တဲ့ ချဲလန့်ဟာ ပြည်တွင်း/ပက ပြည်သူတွေရဲ့ ပါဝင်ထောက်ပို့မှုတွေကြောင့် သတ်မှတ် ဆန်အိတ် ၃၀ ထက် ကျော်လွန်ရရှိခဲ့ပြီး မနေ့(ဧပြီ ၁၀)မှာပဲ အရေးပေါ် လိုအပ်နေတဲ့ ဆန်အိတ်တွေကို ဝယ်ယူနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
လှူဒါန်းလိုသူတွေ အနေနဲ့ ဆန်အိတ် တစ်အိတ်ကို ငွေကျပ် တစ်သိန်းနှုန်း ကျသင့်ကာ တစ်အိတ်လုံးစာ မတတ်နိုင်သူတွေလည်း အဆင်ပြေနိုင်တဲ့ ငွေပမာဏအလိုက် ပါဝင်နိုင်ပြီး ချဲလန့်ပြီးဆုံးသွားပေမယ့် ဆက်လက် ထောက်ပို့နိုင်တယ်လို့ SSPDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် Production Team ဖြစ်တဲ့ The Guardians Team ရဲ့ လက်ဆောင်ကြဲကြမယ် ကမ်ပိန်းအစီစဉ်ကိုလည်း ပြည်သူတွေအနေနဲ့ ဆက်လက်အားဖြည့်ပေးကြဖို့ SSPDF က တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ အပတ်လောက်ကလည်း လွိုင်ကော်မြို့၊ ရှေ့တန်းတစ်နေရာမှာ SSPDF ရဲ့ တပ်ဖွဲ့ဝင် ရဲဘော် ဂွတိုဟာ မြေမြုပ်မိုင်းကြောင့် ခြေထောက်ပြတ် ဒဏ်ရာ ရခဲ့ပြီး ခြေတုတပ်ဖို့အတွက်အကူအညီတွေ လိုအပ်နေတယ်လို့ အဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။
SSPDF 1005 နဲ့ SSRY 1008 တပ်ရင်းတို့ဟာ ရှမ်းတောင် – ကရင်နီအစပ် ဒေသတွေနဲ့ ကရင်နီပြည် ဒေသအများစုမှာ စစ်ရေးလှုပ်ရှားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ တပ်ရင်းတွေပဲ ဖြစ်ပါတယ်။