ရှမ်းတိုင်းရင်းသားတို့များ၏ ယနေ့ကျရောက်သည့် ၂၁၁၈ ခုနှစ်မြောက် နှစ်သစ်ကူးနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သဝဏ်လွှာပေးပို့လိုက်သည်။
ရှမ်းတိုင်းရင်းသားတို့သည် နှစ်သစ်ကူးနေ့အခါသမယအား လူမျိုးဂုဏ်နှင့် အမှတ်အသား သရုပ်ကို ထိန်းသိမ်း မြှင့်တင်သည့် အနေဖြင့် နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်အုပ်စု၏ စစ်အာဏာသိမ်းရန် ကြိုးစားမှုနောက်ပိုင်း မြန်မာနိုင်ငံနေရာ အနှံ့အပြား၌ အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် မည်သည့် အထိမ်းအမှတ်ပွဲတော်ကိုမျှ လွတ်လပ်စွာ ကျင်းပနိုင်ခြင်းမရှိဘဲ ဘေးလွတ်ရာနေရာများကို ထွက်ပြေးတိမ်းရှောင်ကာ ဆင်းရဲဒုက္ခကြီးစွာဖြင့် နေထိုင်ခိုလှုံနေကြရကြောင်း ဖော်ပြထားသည်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး ပန်းတိုင်ကို ရောက်ရှိတော့မည့် ကာလတွင် ရှမ်း တိုင်းရင်းသားများနှင့် ပိုမိုရင်းနှီးချစ်ကြည်စွာ လက်တွဲပြီး – တရားမျှတမှု၊ လွတ်လပ်မှု ၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အာမခံနိုင်မည့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုတည်ဆောက်ရေးအတွက် တော်လှန်ရေး အောင်ပွဲ အသီးအပွင့်များ ရရှိခံစားရင်း အတူတကွ ပိုမိုယုံကြည်မှုရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ပါကြစေကြောင်း ဆန္ဒပြုဟု သဝဏ်လွှာ၌ ဖော်ပြသည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် ယနေ့ ကျရောက်သည့် ၂၇၆၃ ခုနှစ်မြောက် ကယန်းတိုင်းရင်းသားတို့၏ နှစ်သစ်ကူးအခါ သမယသို့လည်း သဝဏ်လွှာပေးပို့သည်။
ကယန်းတိုင်းရင်းသားတို့သည် နှစ်သစ်ကူးနေ့အခါသမယကို ကောက်သစ်စားပွဲဖြင့် စတင်လေ့ ရှိပြီး စာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့် ဂီတတို့ကို ထိန်းသိမ်းနိုင်ရန်အတွက် ပွဲတော်ကျင်းပပြီး လူမျိုးဂုဏ်ကို ထိန်းသိမ်း မြှင့်တင်လေ့ရှိရာ အကြမ်းဖက်စစ်တပ်၏ မြန်မာနိုင်ငံ့နေရာ အနှံ့အပြားသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် မည်သည့် အထိမ်းအမှတ်ပွဲတော်ကိုမျှ ကျင်းပနိုင်ခြင်းမရှိဘဲ ဘေးလွတ်ရာနေရာများကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဖော်ပြသည်။
သို့သော်လည်း ယခုအခါ အကြမ်းဖက်စစ်တပ်ကို ကယန်းတိုင်းရင်းသားများအပါအဝင် မြန်မာ တနိုင်ငံလုံးမှ တိုင်းရင်းသားများအားလုံးက စုစည်းညီညွတ်စွာဖြင့် တော်လှန်တိုက်ခိုက်နေမှုများ ကြောင့် (၃)နှစ်နီးပါး ပင်ပန်းဆင်းရဲ ကြီးစွာ စိုက်ပျိုးထားကြသည့် တော်လှန်ရေးအောင်ပွဲ အသီးအပွင့် များကို မြင်တွေ့နေရပြီး ဖြစ်သည်ဟု ဆိုသည်။
မကြာမီကာလအတွင်း အောင်ပွဲကို ရရှိခံစားကြရမည်မှာ အသေအချာဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး ပန်းတိုင်ကို ရောက်ရှိတော့မည့် ကာလတွင် ကယန်းတိုင်းရင်းသားများနှင့် ပိုမိုရင်းနှီးချစ်ကြည်စွာ လက်တွဲပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် တော်လှန်ရေး အောင်ပွဲအသီးအပွင့်များ ရရှိခံစားရင်း အတူ တကွ ပိုမိုယုံကြည်မှုရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ပါကြစေကြောင်း ဆန္ဒပြုသည်ဟု သဝဏ်လွှာ၌ ဖော်ပြထားသည်။