ရှမ်းပြည်တောင်ပိုင်း ဆီဆိုင် ၊ ဟိုပုံးနဲ့ လွိုင်လင်မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားတဲ့ ရက် ၄၀ ကျော်အတွင်း လသားအရွယ် ကလေးငယ်အပါအဝင် အရပ်သား ပြည်သူ ၅၀ နီးပါးသေဆုံးခဲ့ရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး(PYO) က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၁ ရက်ကနေ မတ်လ ၂ ရက်အထိ ၄၂ ရက်တာအတွင်း အရပ်သား ၄၇ ဦးသေဆုံးခဲ့ပြီး ၅၉ ဦးထိခိုက်ဒဏ်ရာရတယ်လို့ PYO ကဆိုပါတယ်။
သေဆုံးစာရင်း ၄၇ ဦးထဲမှာ ၆ လသားအရွယ်ကလေး ၁ ဦး ၊ အသက် ၅ နှစ်နဲ့ ၁၀ နှစ်ကြား ယောင်္ကျားလေး ၁ ဦးနဲ့ မိန်းကလေး ၃ဦး ပါဝင်တယ်လို့ PYO က ဖော်ပြပါတယ်။
အဲဒီကလေးငယ်တွေဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ထိမှန်မှုတွေကြောင့် သေဆုံးရတာလို့ PYO ရဲ့ ဖော်ပြချက်မှာပါရှိပါတယ်။
သေဆုံးအရပ်သားတွေထဲမှာ အမျိုးသမီး ၂ဦး ပါဝင်ပြီး ကျား ၊မ မခွဲခြားနိုင်တဲ့ ရုပ်အလောင်း ၆ လောင်းပါဝင်တယ်လို့ သိရပါတယ်။
အရပ်သားသေဆုံးမှုရဲ့ ထက်ဝက်ကျော်ဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးထိမှန်မှုကြောင့်ဖြစ်တယ်လို့ PYO ရဲ့ အချက်အလက်အရသိရပါတယ်။
တိုက်ပွဲတွေကြောင့် ဆီဆိုင် ၊ ဟိုပုံးနဲ့လွိုင်လင်မြို့တွေမှာ စစ်ရှောင် ဦးရေဟာ ၉ သောင်းခွဲကျော်ရှိပြီး အဲဒီအထဲက ၂ သောင်းကျော်ဟာ ကရင်နီဒေသ(ကယားပြည်နယ်) ဘက်ကစစ်ရှောင်လာကြသူတွေဖြစ်တယ်လို့ PYO က အသိပေးပါတယ်။
ရှမ်းပြည်တောင်ပိုင်းမှာ တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတတိယပတ်ကစတင်ဖြစ်ပွားခဲ့တာပါ။
ဇန်နဝါရီ ၂၀ ရက်က ဟိုပုံးမြို့နယ် အတွင်း လက်နက်သယ်လာတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ရဲ့ ယာဉ်တန်းကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်က တားဆီးစစ်ဆေးရာကနေ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။
အဲဒီနောက်စစ်ရေးတင်းမာလာခဲ့ပြီး ဆီဆိုင်မြို့တွင်းတိုက်ပွဲတွေဖြစ်ခဲ့ကာ ဆီဆိုင်နဲ့ဆက်စပ်နေတဲ့ ဟိုပုံးနဲ့ လွိုင်လင်ဒေသဘက်တွေပါ တိုက်ပွဲဧရိယာကျယ်ပြန့်သွားတာဖြစ်ပါတယ်။