အထူးဒေသ ၄ မိုင်းလားနဲ့ ကျိုင်းတုံမြို့နယ်တို့ကို ဆက်သွယ်တဲ့ ဝမ်တာပင်းလမ်းကို ဒီနေ့ နိုဝင်ဘာလ ၃ရက်ကစပြီး စစ်ကောင်စီက ပြန်ပိတ်လိုက်တယ်လို့ ခရီးသွားနေသူတွေထံကနေ သိရပါတယ်။
မိုင်းလားနဲ့ ကျိုင်းတုံကြား အချိန်တိုတောင်းပြီး သွားလာရလွယ်ကူတဲ့ ဝမ်တာပင်းလမ်း ဖြတ်သန်းခွင့်အားလုံးကို စစ်ကောင်စီက ပိတ်လိုက်တာဖြစ်ပြီး လူစီးကား၊ ကုန်ကားနဲ့ ဆိုင်ကယ် အားလုံး ဖြတ်သန်းခွင့်မရတော့ဘူးလို့ မိုင်းလား – ကျိုင်းတုံ ယာဉ်လိုင်းပြေးဆွဲနေသူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
“ အခုသွားမယ်ဆို ဆီလူးဒေသဘက်က လမ်းကပဲသွားလို့ရတော့မယ်။ ဘာလို့ပိတ်လိုက်လဲဆိုတာတော့ မသိပါဘူး” လို့ သူက ပြောပါတယ်။
အခုပိတ်လိုက်တဲ့ ဝမ်တာပင်းလမ်းဟာ မိုင်းလားမြို့နဲ့ ကျိုင်းတုံမြို့ကို ၂နာရီနဲ့ သွားရောက်နိုင်တဲ့ လမ်းဖြစ်ပြီး ဆီလူးဒေသဘက်က ဝင်ရောက်ရတဲ့လမ်းဖြစ်တဲ့ မိုင်းခတ်၊ မိုင်းယန်းလမ်းကနေ သွားရင် ကြာမြင့်ချိန် ၄နာရီခွဲ ၅နာရီကြာမြင့်တာဖြစ်ပါတယ်။
ဒီလိုပိတ်လိုက်တာကြောင့် ခရီးသွားတွေသာမကဘဲ ကုန်စည်စီးဆင်းမှုပါ ပိုမိုကြန့်ကြာသွားပြီး ကုန်ကျစရိတ်မြင့်တက်လာမှာ ဖြစ်တယ်လို့ ဒေသခံ ကုန်သည်တစ်ဦးက မဲခေါင်ကိုပြောပါတယ်။
“တရုတ်ဘက်ကဝင်တဲ့ကုန်စည်တွေ သယ်ယူစရိတ်ဈေးတက်မှာပေါ့။ ကြာချိန်က ထက်ဝက်မက ကြာသွားမယ်” လို့ သူက ပြောပါတယ်။
ဝမ်တာပင်းလမ်းကို မြန်မာစစ်တပ်က ၂၀၁၆ ခုနှစ် အောက်တိုဘာလကတည်းက လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ထားခဲ့တာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ခုနှစ် စက်တင်ဘာလမှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာလနောက်ဆုံးပတ်ကစပြီး ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက်ပိုင်း စစ်တပ်က အခုလိုနောက်တခေါက်ထပ်ပိတ်လိုက်တာ ဖြစ်ပါတယ်။