ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နိုင်ငံတကာက ပိတ်ပင်တားမြစ်ထားသည့် ဓာတု အဆိပ်ငွေ့ဗုံး အသုံးပြုကာ တိုက်ခိုက်ခဲ့သော စစ်ကောင်စီကို နိုင်ငံတကာ အသိုင်းအဝန်းက အရေးယူပေးရန် PSLF/TNLA က ထုတ်ပြန်တောင်းဆိုလိုက်ကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ စခန်းသစ်လက်နက်ကြီးကုန်းကို TNLA က ရယူ စိုးမိုးထားစဉ် စစ်ကောင်စီတပ်က နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတု လက်နက် အဆိပ်ငွေ့ဗုံးကို လေယာဉ်ပေါ်မှ ပစ်ချကာ တိုက်ခိုက်ခဲ့ပြီး နိုင်ငံတကာ စစ်ရာဇ၀တ် မှုကျူးလွန်ခဲ့ကြောင်း၊ အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့ကလည်း လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်းကျက်တပ်စခန်းကို TNLA က တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က ဓာတုအဆိပ်ငွေ့ ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ရဲဘော်အချို့ ခန္ဓာ ကိုယ်တွင် ထိရှဒဏ်ရာတစ်စုံတစ်ခု မရရှိဘဲ မူးဝေခြင်း၊ အသက်ရှုချိန် မြန်ဆန်ခြင်း၊ မအီမသာ ခံစားရ ခြင်း၊ စိတ်လှုပ်ရှားမြန်ဆန်ခြင်းနှင့် မောပန်းခြင်း၊ အောက်စီဂျင် ကျခြင်းများကို ပြင်းထန်စွာ ခံစားနေ ကြရကြောင်း၊ ဓာတုအဆိပ်သင့်မှုခံစားရသော ရဲဘော်များကို PSLF/TNLA ကျန်းမာရေးဌာနမှ လိုအပ် သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီသည် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ထိတွေ့မှုတိုက်ပွဲများတွင် ယခုကဲ့သို့ စစ်ရာဇဝတ်မှုကျူးလွန်ပြီး နိုင်ငံတကာ တားမြစ်ပိတ်ပင်ထားသည့် ဓာတု လက်နက်အား အသုံးပြု၍ တိုက်ခိုက်ခြင်း၊ နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်၍ ရပ်ရွာပြည်သူလူထုနှင့် အိုးအိမ်များအား ပစ်မှတ် ထား တိုက်ခိုက်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။
သို့ဖြစ်၍ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများ၊ လူသားချင်းစာနာထောက်ထား သည့်အဖွဲ့အစည်းများအနေဖြင့် မြန်မာပြည်သူလူထုများအား ဝိုင်းဝန်းစောင့်ရှောက်ပေးပါရန်၊ စစ် ရာဇ ဝတ် မှု နှင့် နိုင်ငံတကာရာဇ၀တ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီကို အရေးယူပေးနိုင်ရန် PSLF/ TNLA က ထုတ်ပြန်တောင်းဆိုထားသည်။