ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖော်ဆောင်နေတဲ့ “၁၀၂၇ စစ်ဆင်ရေး” အတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၁၅၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီလို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ၂၁ ရက်မြောက်ဖြစ်တဲ့ နိုဝင်ဘာ ၁၆ ရက်မှာ ကိုးကန့်၊ တုန်းရှမ်းဒေသ၊ ခုတ်ထန် နေရာရှိ စစ်ကောင်စီတပ် စခန်းကို ၆ နာရီကျော်ကြာ တိုက်ခိုက်ပြီးနောက် အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မနေ့က သိမ်းယူလိုက်တဲ့ ခုတ်ထန် စစ်တပ်စခန်း အပါအဝင် ရှမ်းမြောက်ဒေသမှာ မြို့ ၅ မြို့နဲ့ စစ်ကောင်စီ၊ ပြည်သူ့စစ် စခန်းပေါင်း ၁၅၀ ကျော်ကို သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီလို့ ညီနောင် ၃ ဖွဲ့က ပြောပါတယ်။
ဒီတိုက်ပွဲတွေ အတွင်း စစ်ကောင်စီဘက်က အများအပြား ထိခိုက် သေဆုံးသလို တပ်ရင်း အလိုက် လက်နက်ချတာနဲ့ အတွဲလိုက် ဒုံးတွေ အပါအ၀င် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။