ပြီးခဲ့တဲ့ တစ်ပတ်က KIA ပစ်ချခဲ့တဲ့ စစ် ကောင်စီရဲ့ တိုက်လေယာဉ် တရုတ်နိုင်ငံထုတ်FTC 2000G ရဲ့ အပျက်အစီးပုံတွေကို သတင်းမီဒီယာတချို့က ဒီကနေ့ ညနေပိုင်းမှာ ဖော်ပြလာပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာ ကျေးရွာ အခြေစိုက် ခလရ (၁၂၃)ကို KIA က မနေ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက်မှာ အဆိုပါတိုက်လေယာဉ်အပိုင်းအစပုံတွေ ထွက်ပေါ်လာတာပါ။
နမ့်ဖက်ကာရွာအခြေစိုက် ခလရ (၁၂၃) တပ်ရင်းကို KIA က တိုက်ခိုက်ချိန် စစ်ကောင်စီဘက်က လေကြောင်းနဲ့လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် KIA က အခုလ ၁၆ရက်မှာ ပစ်ချခဲ့တာ ဖြစ်ပြီး အဲ့ဒီလေယာဥ်က စစ်ကောင်စီတပ် အနီးပျက်ကျခဲ့တာလို့ သိရပါတယ်။
ပစ်ချခံရတဲ့ တရုတ်နိုင်ငံထုတ်FTC 2000G ဟာ ၂၀၂၂ ခုနှစ်နှောင်းပိုင်းကာလမှာ စစ်ကောင်စီဝယ်ယူခဲ့တဲ့ လေယာဉ်အသစ်တွေထဲက တစ်စီးဖြစ်ပြီး မောင်းနှင်သူနှစ်ဦးလိုက်ပါနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ပျက်ကျခဲ့တဲ့ လေယာဉ် ကိုယ်ထည် နံပါတ် 1405 နဲ့ တူညီတဲ့ FTC 2000G လေယာဉ်တစ်စီးရဲ့ ပုံကိုလည်း မြဝတီက မနှစ်ကရိုက်ကူးထုတ်လွှင့်တဲ့ ရုပ်သံမှာ တွေ့ရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရးတပ်ဖွဲ့တွေက ပစ်ချခဲ့လို့ စစ်ကောင်စီလေတပ်က ရဟတ်ယာဉ် နှစ်စီးနဲ့ တို်ကလေယာဉ် နှစ်စီးအထိ ပျက်ကျခဲ့ပါတယ်။ အဲ့ဒီထဲမှာမှ KIA ပစ်ချခဲ့တာက တိုက်လေယာဉ်တစ်စီးနဲ့ ရဟတ်ယာဉ် နှစ်စီး ဖြစ်ပါတယ်။