ရှမ်းပြည်နယ်မြောက်ပိုင်း၌ ‘၁၀၂၇စစ်ဆင်ရေး’တွင် ပါဝင်ခဲ့ပြီး တပ်ရင်းပြန်လာသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ရဲဘော်များအား ကြိုဆိုခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့ ထုတ်ပြန်သည်။
၂၀၂၃ အောက်တိုဘာ ၂၇ ရက်ကစတင်ခဲ့သော ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် ကိုးကန့် (MNT JP/ MNDAA) ၊ တအောင်း (PSLF / TNLA) ၊ ရက္ခိုင် (ULA/ AA)တို့၏ ‘၁၀၂၇ စစ်ဆင်ရေး ‘တွင် ပါဝင်တိုက်ခိုက်နေကြောင်း KNDFက လွန်ခဲ့သော သုံးလခန့်က ကြိုတင်အသိပေးခဲ့သည်။
မြောက်ပိုင်းစစ်ဆင်ရေးတွင် ပါဝင်သည့် KNDFမှ တပ်ရင်းမှာ အမှတ်(၆၀၆)ဖြစ်ပြီး ယခင်ကတည်းကရှိခဲ့ကာ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ စစ်ရေးအရ တိုက်ပွဲဝင်ခဲ့ခြင်းဟု KNDF စစ်ရေးချုပ် ခူးရီဒူးက လူထုနွေဦးသို့ ပြောထားသည်။
“ရဲဘော်အချို့ ပြန်လာတာပေါ့။စစ်ရေးအရတော့ ဟိုဘက်မှာ ချန်ထားဦးမှာပါ။ဒီလောက်ပဲ သိနိုင်ဦးမယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အဆိုပါ ရှမ်းမြောက်စစ်ဆင်ရေးမှ ပြန်လာသည့် ရဲဘော်များကိုကြိုဆိုခဲ့သည့် ဓာတ်ပုံမှတ်တမ်း အပေါ် KNDF တာဝန်ရှိသူများဆက်သွယ်မေးမြန်းဆဲ ဖြစ်သည်။
‘၁၀၂၇ စစ်ဆင်ရေး’စတင်ပြီး ရက်ပေါင်း ၇၇ရက်အကြာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲများကို ညီနောင်မဟာမိတ်သုံးဖွဲ့က ယာယီရပ် ဆိုင်းခဲ့သည်။
ဇန်နဝါရီ ၁၁ ရက်က တရုတ်နိုင်ငံ၏ ကြားဝင်မှုညှိနှိုင်းမှုမှတဆင့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ အပစ်ရပ်ရေးသဘောတူညီချက်ရရှိခဲ့ပြီး “Haigeng Agreement” ဟိုင်ဂင်သဘောတူညီမှုမှတဆင့် အပစ်ရပ်ခဲ့ရခြင်းဖြစ်သည်။
‘၁၀၂၇စစ်ဆင်ရေး’အတွင်း မြောက်ပိုင်းသုံးဖွဲ့သည် မြို့ပေါင်း ၁၆ မြို့ ၊နယ်စပ်ဂိတ်များနှင့် စစ်စခန်းပေါင်း ရာနှင့်ချီသိမ်းနိုင်ခဲ့သည်။