ဩစတြေးလျနိုင်ငံမှာ ကျင်းပမယ့် အာရှဘောလုံးအဖွဲ့ချုပ် AFC Cup ဘောလုံးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မယ့် ရှမ်းယူနိုက်တက်အသင်းကို ဩစတြေးလျအစိုးရက ပြည်ဝင်ခွင့်ပိတ်လိုက်တယ်လို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ဩစတြေးလျနိုင်ငံက ဘောလုံးကလပ်တစ်ခုဖြစ်တဲ့ Macarthur Bulls အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ပြည်ဝင်ခွင့် ဗီဇာမရတာကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ BG အားကစားကွင်းကို ကြားနေကွင်းအဖြစ် ပြောင်းရွှေ့ကစားရတော့မှာ ဖြစ်တယ်လို့ ဩစတြေးလျဘောလုံးအဖွဲ့ FA ဘက်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက AFC Cup ပြိုင်ပွဲ၊ Macarthur Bulls နဲ့ ရှမ်းယူနိုက်တက် အသင်းတို့ရဲ့ ပထမအကျော့ပွဲစဉ်ကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကျင်းပခဲ့ချိန်မှာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ စစ်အုပ်စုပိုင် မြန်မာ့စီးပွားရေးကော်ပိုရေရှင်း MEC နဲ့ စီးပွားရေးဆက်စပ်နေတဲ့ ဝမင်းကော်ပိုရေးရှင်းပိုင် ဘောလုံးအသင်းဖြစ်ပါတယ်။ MEC ကို ဩစတြေးလျအစိုးရက ဒဏ်ခတ်ပိတ်ဆို့ထားတာကြောင့် အသင်းပါပြည်ခွင့်ပိတ်သွားခဲ့တာပါ။
မြန်မာနိုင်ငံမှာ လာရောက်ကစားခဲ့တဲ့ Macarthur Bulls အသင်းဟာ ဩစတြေးလျ အစိုးရ၊ နိုင်ငံခြားနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ ခရီးသွားအကြံပြုချက်နဲ့ ဆန့်ကျင်နေတယ်လို့ Justice for Myanmar အဖွဲ့ကလည်း ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် မြေနေရာပေါ်မှာ Yangon Riverview Complex စီမံကိန်းကို ဝမင်းကော်ပိုရေးရှင်း ခေါင်းဆောင် ခွန်နောင်မြင့်ဝေက ရင်းနှီးမြှုပ်နှံသူအဖြစ် ပါရှိနေတယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရှမ်းယူနိုက်တက် ဘောလုံးအသင်းကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်လိုက်တဲ့အပေါ် ဩစတြေးလျအစိုးရဘက်က တစုံတရာ ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိပါ။
ထိုင်းနိုင်ငံမှာ ယှဉ်ပြိုင်ကစားခွင့်ရတဲ့အပေါ် အာရှဘောလုံးအဖွဲ့ချုပ်အနေနဲ့ တခြားရွေးချယ်စရာ အစီအစဉ်တွေကို အတည်ပြုပေးတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း Football Australia FA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ Justice for Myanmar အဖွဲ့ကတော့ မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ ဆက်နွယ်နေတဲ့ ဘောလုံးအသင်းကို တားဆီးခြင်းဖြင့် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေးကို ပံ့ပိုးကူညီ ရပ်တည်ပေးသင့်တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာကတည်းက ဩစတြေးလျ အစိုးရကို တိုက်တွန်းတောင်းဆိုထားတာ ရှိပါတယ်။