ဇွန်လ ၁၆ ရက်မှာ ကျရောက်မယ့် ရှမ်းအမျိုးသား လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အနေနဲ့ ရှမ်းပြည်နယ်အတွင်းက လူ့အခွင့်အရေးအခြေအနေတွေကို စကားဝိုင်း ဆွေးနွေးပွဲအနေနဲ့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဇွန် ၁၆ ရက်နေ့ ည ၇ နာရီမှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့၁၉၉၇ ခုနှစ်၊ ဇွန်လ ၁၆ ရက်က ရှမ်းပြည်အလယ်ပိုင်းကို စစ်တပ်ရဲ့ ဖြတ်လေးဖြတ်စစ်ဆင်ရေးကာလအတွင်း ကွန်ဟိန်းမြို့နယ် ဆိုင်းခေါင်ကျေးရွာနဲ့ တာဖအိုကျေးရွာမှာ ဒေသခံ ပြည်သူ ၅၇ ဦးကို အစုပြုံလိုက်သတ်ဖြတ်ခဲ့တာကို အကြောင်းပြုပြီး ရှမ်းလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့တာလို့ သိရပါတယ်။
ရှမ်းပြည်နယ်အတွင်းနေ လူမျိုးပေါင်းစုံ ပြည်သူလူထုဟာ စစ်အာဏာရှင်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခေတ်အဆက်ဆက်ခံစားလာခဲ့ရတာမှာ လက်ရှိအချိန်အထိ ရှမ်းပြည်နယ်ဒေသအသီးသီး လူမျိုးစုအသီးသီးတို့ဟာ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်းစုံကို ကြုံတွေ့နေရဆဲဖြစ်လို့စကားဝိုင်းမှာ ထုတ်ဖော်ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ သိရပါတယ်။
ဆွေးနွေးမယ့် သူတွေကတော့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRFက YING LENG HARN ၊ ပအိုဝ်းလူငယ်အစည်းအရုံး PYO က LI LI ၊ TSU က SAI kYAW SAW၊ ရှမ်းမြောက်ကချင်လူငယ်အဖွဲ့က M JA SENG၊ တို့က ဆွေးနွေးကြမှာဖြစ်ပြီး Moderator အဖြစ် NANG KWAN LAKE က ဆောင်ရွက်မယ်လို့သိရပါတယ်။