ရှမ်း-ကရင်နီ(ကယား) နယ်စပ်မှာရှိတဲ့ စစ်ရှောင်စခန်းတစ်ခုမှာ အင်းလေးအမျိုးသမီးသမဂ္ဂ(IWU) ဦးစီးပြီး မေလ ၁၈ ရက်နေ့က ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။
IWU အတွင်းရေးမှူး မကြိုးကြာက “ဒီမှာက အဓိကအနေနဲ့ ရေက ထုံးဓာတ်များတဲ့အခါကျတော့ ကျောက်ကပ်ဖြစ်တာတွေလည်း များတယ်။ တချို့ဆိုလို့ရှိရင် အဆုတ်တီဘီဖြစ်တာတွေလည်း တွေ့ရတာပေါ့နော်” လို့ ပြောပြပါတယ်။
စစ်ရှောင်ပြည်သူတွေအနေနဲ့ ဖျားနာတာ၊ ချောင်းဆိုးတာ၊ ဝမ်းသွားတာ၊ သွေးတိုးတာတွေ အဖြစ်များပြီး ဆေးရုံတက်ကုသရမယ့် ရောဂါမျိုးဆိုရင် နီးစပ်ရာ ပြည်နယ်ဆေးရုံဆီကို လက်လွှဲကူးပြောင်း ကုသနေရပါတယ်။
CDM ပြုလုပ်ထားတဲ့ ကရင်နီပြည်နယ် ကျန်းမာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေနဲ့အတူ အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့ဝင်တွေ ပူးပေါင်းပြီး စစ်ရှောင်တွေရဲ့ အခြေခံကျန်းမာရေး လိုအပ်ချက်တွေကို စောင့်ရှောက်မှုပေးနေတယ်လို့ သိရပါတယ်။
“ရွာတွေမှာ လူစုခိုင်းပြီး သွားကြည့်ပေးရင်တော့ အယောက် ၃၀ ကျော် လောက်တော့ ရှိတယ်ပေါ့နော်။ အဲ့လိုမျိုး သွားတာကတော့ ၅ ကြိမ်လောက်ရှိပြီပေါ့။ ကြားရက်တွေမှာလည်း လူနာရှိရင်ရှိသလို သွားရောက်ကုသပေးခဲ့တယ်” လို့ IWU အတွင်းရေးမှူး မကြိုးကြာက ပြောပါတယ်။
အဲဒီစစ်ရှောင်စခန်းမှာ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ဘီလူးချောင်းအရှေ့ဘက်ကမ်းမှာရှိတဲ့ ရွာတွေက အများဆုံး လာရောက်စစ်ရှောင်နေကာ အခြားသော ရိက္ခာလိုအပ်ချက်တွေလည်း ရှိနေပြီး အလှူရှင်တွေနဲ့ ကူညီတဲ့ အဖွဲ့အစည်းတွေအပေါ် မှီခိုနေရတယ်လို့ သိရပါတယ်။