ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံမြို့နယ်တွေနဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြားတိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်ဘက်က ကင်းထောက်လေယာဉ်ဝဲတာတွေရှိနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။
ရှမ်းတောင်နဲ့ ကရင်နီနယ်စပ် ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ်တွေမှာ အခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး ဒီနေ့ မေလ ၁၄ ရက်ထိ သုံးလနီးပါး နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။
“ခုရက်ပိုင်းက မိုးလည်းရွာတော့ ကင်းထောက်ယာဉ်နဲ့ လက်နက်ကြီးတွေပဲ လာတော့တယ်ဗျ။ ဝဲတာကတော့ပုံမှန်ပဲ။ ကင်းထောက်ဝဲပြီဆိုရင် မကြာဘူးလာကြဲတတ်တယ်။ ဒီရက်ပိုင်းလည်း ထိတွေ့မှုတွေတော့ ရှိပါတယ်” လို့ ကရင်နီဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကလည်း ပင်လောင်း၊ ဖယ်ခုံမြို့နယ်တဝိုက်ကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရဲဘော် ၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Medic Unit – Demoso ထံက သိရပါတယ်။
“လာကြဲတာကတော့ လွန်ခဲ့တဲ့ သုံးရက်ကပါ။ ကင်းထောက်တွေတစ်နေကုန်ဝဲပြီး ညနေပိုင်းကစပြီး တညနေပိုင်းလုံးနီးပါးလာကြဲတယ်။ ရဲဘော် ၅ ယောက်ထိတယ်။ ကျွန်တော်တို့ အကောင်းဆုံးကုသမှုတွေပေးပြီး ဆေးရုံဆေးခန်းတွေကိုလွှဲပေးပါတယ်။ ခုတော့ ဆေးရုံဆေးခန်းမှာ ဆေးကုသမှုခံယူနေပါတယ်” လို့ Medic Unit – Demoso တာဝန်ရှိသူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
လေယာဉ်နဲ့ဗုံးကြဲခံရမှုကြောင့် ရဲဘော်တစ်ဦးရဲ့ တစ်ကိုယ်လုံးနီးပါး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး ကျန်လေးဦးကတော့ လေယာဉ်ဗုံးကြဲလို့ ဝပ်နေရင်း ရင်ဘတ်ကိုမြေကြီးနဲ့ပြန်ဆောင့်မိတာကြောင့် ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။
အဆိုပါ ဒဏ်ရာရ ရဲဘော်တွေကို သယ်ယူပို့ဆောင်ရာမှာ လူနာတင်ကားမလုံလောက်တာကြောင့် အကြမ်းသုံး VIGO ကားကို အသုံးပြုခဲ့ရပြီး လူနာအတွက် အဆင်မပြေခဲ့ဘဲ တစ်လမ်းလုံး ငြီးတွားနေခဲ့တယ်လို့ Medic Unit – Demoso က ဆိုထားပါတယ်။
ရှမ်း-ကရင်နီနယ်စပ်မှာ အခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းနေတဲ့အပြင် လက်နက်ကြီးနဲ့ ကင်းထောက်လေယာဉ်တွေကို ပုန်းရှောင်နေရတဲ့ ရဲဘော်တွေအတွက် မိုးကာမလုံလောက်တာတွေကြောင့်လည်း အခက်တွေ့နေရတယ်လို့ ထောက်ပို့အဖွဲ့တွေထံကသိရပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ ကာလအတွင်း ရှမ်း-ကရင်နီနယ်စပ်တလျှောက်မှာ စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေထိတွေ့တိုက်ပွဲ ၆၆၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၃၆၃ ကြိမ်ပြုလုပ်ခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။