ရှမ်း-ကရင်နီ နယ်စပ်ဒေသ တစ်နေရာမှာ ဒေသခံတွေနဲ့ စစ်ရှောင် ပြည်သူ အများအပြား ဖျားနာနေကြလို့ ဆေးဝါး အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆေးဝါးကုသပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
ရာသီဥတု အပြောင်းအလဲ ကာလ ဖြစ်တာကြောင့် တစ်ရွာလုံးနီးပါး နာမကျန်းဖြစ်နေတဲ့ ကျေးရွာ ၂ ရွာနဲ့ စစ်ဘေးရှောင်စခန်း ၄ ခု၊ စာသင်ကျောင်း ၂ ကျောင်းကို လောလောဆယ်မှာ ဆေးကုသမှုပေးထားတယ်လို့ Pekhon Health Community – PKHC အဖွဲ့က ပြောပါတယ်။
“ရှေ့တန်းမှာ ကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ရေးလုပ်နေတုန်း၊ နောက်တန်းအဖွဲ့ကလည်း နွေရာသီမှာ ဆိုင်ကယ်တောင် အနိုင်နိုင်သွားရတဲ့ရွာမှာ မိုးတွင်းကြီး ဖျားနာတာများလို့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ၈ နာရီခရီးကို ခြေလျင်လျှောက်ရတယ်။ ရွာ ၄ ရွာကို ကြည့်ဖို့ ၃ ညအိပ် ၄ဂရက်ခရီးကြာခဲ့တာပါ။ သူတို့တွေအတွက် အားဆေးတစ်ခွက် ဖြစ်ခဲ့ရတာကိုပဲ ကျေနပ်ပါတယ်” လို့ PKHC အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲ့ဒီဒေသဟာ ဆရာဝန် အရောက်အပေါက် နည်းတဲ့ ဒေသ ဖြစ်တဲ့အတွက် လုံလောက်တဲ့ ဆေးဝါးကုသမှု ရရှိဖို့ ခက်ခဲနေတာဖြစ်ပြီး PKHC အဖွဲ့က လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကျန်းမာရေး အသိပညာပေးမှုကို ပြုလုပ်ပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
“ဆေးကုသမှု လိုအပ်တဲ့ လူနာတွေကို ဆေးရုံ ဆေးခန်းကို လွှဲပြောင်းပေးတာတွေလည်းရှိတယ်။ ထပ်မံလိုအပ်ချက်များအတွက် ဆက်လက်ပြီး ဝိုင်းဝန်း ပါဝင်ကူညီပေးကြပါလို့ မေတ္တာရပ်ခံ ချင်ပါတယ် “ လို့ PKHC တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။
PKHC ဆေးတပ်ဖွဲ့ အနေနဲ့ တတ်နိုင်သလောက် ရှိတဲ့ ဆေးဝါးတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပေမယ့် လိုအပ်ချက်တွေ ရှိနေတာကြောင့် ပါဝင်ကူညီကြဖို့တိုက်တွန်းထားပါတယ်။
PKHC ဆေးတပ်ဖွဲ့ဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း CDM ကျန်းမာရေးဝန်ထမ်းများ၊ တော်လှန်ရေးလူငယ်များနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဆေးကုသပေးတာ၊ သားဖွားပေးတာ စတဲ့ ကျန်းမာရေးဂစောင့်ရှောက်မှုတွေ လုပ်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။