ရှမ်း-ကရင်-ကယားဒေသအစပ် ယာဒိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းယနေ့ နံနက်အစောပိုင်းကစ၍ တိုက်ခိုက်ခံရမှုရှိနေကြောင်း ဒေသခံများကပြောသည်။
အစစ်အဆေးနှင့် ငွေကြေးလာဘ်ယူမှု များသည်ဟုဒေသခံများပြောသည့် ယာဒို စစ်ကောင်စီစခန်း၌ စစ်ကောင်စီတပ်သား၊ရဲ အပါအဝင် အင်အား သုံးဆယ် ထက်မနည်းရှိသည်ဟုသိရသည်။
“ဒီကနေ့မနက် ၅နာရီ လောက်ကစပြီး ကာကွယ်ရေးတပ်တွေ ဝင်စီးတယ်ပြောတယ်။လောလောဆယ်တော့ဘာမှ ထပ်မသိရသေးဘူး”ဟု ကယန်းဒေသခံတစ်ဦးက ပြောသည်။
ယာဒိုဂိတ်စခန်းမှာ မှာ တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော် လမ်းမပေါ်၌ ရှိပြီး တိုက်ပွဲ ပြင်းထန်နေသည့် ကရင်နီ(ကယား)ပြည်နယ်သို့ စစ်ကောင်စီက တောင်ငူအခြေစိုက်တပ်များ ဖြည့်တင်းရာ လမ်းကြောင်းလည်း ဖြစ်သည်။
“ယာဒိုက လွိုင်ကော်ရဲ့ အနောက်ဖက်တံခါးပေါက်ဖြစ်တယ်။စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်း နောက် တစ်ခုပေါ့။တိုက်ပွဲ ဖြစ်နေတာတော့ မှန်တယ်။အသေးစိတ်ကို ကျွန်တော်လည်း မသိရသေးဘူး”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူကပြောသည်။
ပြည်သူများကို အစစ်အဆေးကြမ်းနေတဲ ယာဒိုစစ် တပ်စခန်းကို ပူးပေါင်းတပ်များဝင်ရောက်တိုက်ခိုက် နေသည့်အတွက် တောင်ငူ- လွိုင်ကော်လမ်းကြောင်းအားဖြတ်သန်းသွားလာခြင်းမပြုရန်လည်း Kayan Region Leftist Youths-KRLYက ယနေ့ နံနက် ၁၁ နာရီခန့်က ထုတ်ပြန်ထားသည်။