ရှမ်းမြောက်ဒေသအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ နဲ့ စစ်ကောင်စီအကြား ဖြစ်ပွားလျက်ရှိတဲ့ တိုက်ပွဲတွေ ရပ်တန့်စေမယ့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကို ရှောင်လွဲမရတဲ့ အနေအထားအောက်မှာ ပြုလုပ်ခဲ့ရတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ၁၀၂၇ စစ်ဆင်ရေးအခြေအနေကို မနေ့ညက ထုတ်ပြန်အသိပေးရာမှာ အဲ့ဒီလို ထည့်သွင်းဖော်ပြလာတာဖြစ်ပါတယ်။
ဘယ်လိုရှောင်လွဲလို့မရတဲ့ အနေအထားလည်းဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ရှင်းပြထားတာ မရှိပါဘူး။ ဒါပေမယ့် ဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာနကတော့ ရှမ်းမြောက်မှာ စစ်ဆင်ရေးဆက်လုပ်ရင် ညီနောင်မဟာမိတ်အဖွဲ့ သိမ်းယူထားတဲ့ ဒေသအတွင်းသို့ ဘယ်ပစ္စည်းကိုမှ သွင်းမရအောင် ပိတ်ဆို့မယ်လို့ တရုတ်က ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် PDF များနဲ့ ညီနောင်မဟာမိတ်အဖွဲ့ ထိတွေ့ဆက်ဆံနေတာကိုလည်း တရုတ်က မကြိုက်လို့ ဖိအားပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မဲခေါင်း သတင်းဌာနရဲ့ စုံစမ်းမှုအရလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ နဲ့ စစ်ကောင်စီတွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူညီချက်မရမချင်း တရုတ်က အစည်းအဝေးကို ရပ်တန့်ခွင့်မပြုပဲ ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အပစ်ခတ်ရပ်စဲရေး သဘောတူညီထားပေမယ့် စစ်ကောင်စီဟာ သဘောတူညီချက်ကို ချိုးဖောက်ပြီး ညီနောင်မဟာမိတ်အဖွဲ့ကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတာကြောင့် ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအရှိန်ဟာ တစ်ရက်ပြီးတစ်ရက် မြင့်တက်လျက်ရှိကာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
မနေ့မှာလည်း ကျောက်မဲမြို့နယ်ရှိ တအာင်းတပ်မတော် (TNLA) အခြေချနေရာယူထားတဲ့ “ငြိမ်းချမ်းရေးကုန်း” သို့ စစ်ကောင်စီရဲ့ (၅၀၁-၅၀၂) တပ်စခန်းမှ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်တာကြောင့် (၂) နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ပြည်သူလူထုလုံခြုံရေး နဲ့ “ဟိုင်ဂင်သဘောတူညီမှု” ပါ သဘောတူညီချက်ကို အလေးထားလိုက်နာကာ ယာယီနောက်ဆုတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် ကျောက်မဲ၊ မိုးကုတ်နဲ့ လားရှိုးမြို့နယ်များမှာ စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော် (TNLA) ရှိရာနေရာများကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၁၃ ရက်ညမှာလည်း မူဆယ်မြို့နယ်မှာ စစ်ကောင်စီဟာ ရခိုင်တပ်တော် AA တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ညီနောင်မဟာမိတ်အဖွဲ့က ဆိုပါတယ်။