ရှမ်းတောင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် ၁၀၀၅ တပ်ရင်း(SSPDF)က တပ်ဖွဲ့ဝင်တစ်ဦးဟာ မြေမြုပ်မိုင်းကြောင့် ပြင်းထန်ဒဏ်ရာရခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ တော်လှန်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အပတ်လောက်ကတည်းက လွိုင်ကော်မြို့ ရှေ့တန်းတိုက်ပွဲ တစ်နေရာမှာ ထိခိုက်မှုဖြစ်ခဲ့ပြီး တပ်ရင်းအနေနဲ့ ခြေတုတပ်ပေးဖို့ စီစဉ်ထားတာကြောင့် ငွေကြေးအကူအညီတွေ လိုအပ်နေတာလို့ ဆိုပါတယ်။
SSPDF ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “သူက တိုက်ပွဲရှိလို့ မလိုက်ရရင် စိတ်ကောက်တတ်တယ်။ အရင်ပွဲတွေမှာလည်း ကျောထိဖူးတယ်။ အဲဒါတော့ ၇၉ ရှပ်ထိတာ။ အဲကတည်းက နားပါတော့ ဆိုတာကို မနားဘူး။ တိုက်ပွဲမထည့်လို့ တပ်ရင်းမှူးနား ဘုန်းကြီး ဝတ်မယ်ဆိုပြီး ဂျီသွားကျတာ။ အပင်ပန်းလည်း တအားခံနိုင်တာ။ အခုဒီလို ဖြစ်သွားတော့လည်း စိတ်မကောင်းဘူး။ ခြေတုလေးတပ်ဖို့အတွက် ကူညီပေးစေချင်တာပေါ့” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူဟာ အသက် ၃၃ နှစ်အရွယ် ရဲဘော်ဂွတိုဖြစ်ပြီး တပ်ရင်းမှာ တာဝန်ထမ်းဆောင်တာ ၂ နှစ်ကျော်ခန့် ရှိပြီလို့ သူက ဆက်ပြောပါတယ်။
ရဲဘော်ဂွတိုဟာ လတ်တလောမှာ ခွဲစိတ်မှု အောင်မြင်ထားပြီး ပြန်လည်ထူထောင်ရေးကာလအတွက် ဘယ်နေရာမှာ တာဝန်ချမှတ်ရမယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
SSPDF တပ်ရင်းမှာ တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုကြုံရတာဟာ ပထမဆုံးအကြိမ် ဖြစ်ပြီး အရင်က လက်နက်ကြီးထုတ်လုပ်စဉ် စမ်းသပ်ပစ်ခတ်ရင်း တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးဖူးတယ်လို့ အဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။
ရှမ်းပြည်တောင်ပိုင်း အခြေစိုက်၊ SSPDF 1005 နဲ့ SSRY 1008 တပ်ရင်း ၂ ခုဟာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MOD) လက်အောက်ခံ တပ်ရင်းတွေဖြစ်ပြီး ဒေသတွင်း မဟာမိတ်တပ်ဖွဲ့တပ်ရင်းတွေနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။