မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးရွာက နေအိမ်တွေကို စစ်ကောင်စီတပ် မီးရှို့နေတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
ဒီကနေ့ ညနေ ၄ နာရီလောက်က မီးရှို့နေတာဖြစ်ပြီး လက္ကူးရွာအဝင်မှာရှိတဲ့ ရပ်ငယ်ဘုန်းကြီးကျောင်းအနီးက နေအိမ် ၄ ဆောင်မီးရှို့ခံထားရတယ်လို့ ကနဦး သိရပါတယ်။
“အထဲ(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)နဲ့ အချိတ်ဆက်ရှိတဲ့အိမ်တွေဆိုပြီးလိုက်ရှို့နေတယ်။ လက္ကူးမှာချနေကြတာ တနေကုန်ပဲ။” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
မီးရှို့ခံရတဲ့နေအိမ်တွေရဲ့ထိခိုက်ပျက်စီးမှုအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ ရက်ကတည်းက လက္ကူးကျေးရွာအုပ်စု၊ မှော်ကြောင်းရွာထဲကို စစ်ကောင်စီတပ်သားအင်အား ၁၀၀ ခန့် စစ်ကြောင်းနှစ်ကြောင်းခွဲဝင်ရောက်လာပြီး အရပ်သားတွေကို လူသားဒိုင်းအနေနဲ့ ရွာဘုန်းကြီးကျောင်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေဟာ အရပ်သားတွေကို ဓားစာခံလုပ်ပြီး မှော်ကြောင်းရွာနဲ့ကပ်ရက် လက္ကူးရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မနက်ကတည်းက တောက်လျှောက် ပစ်ခတ်မှု ဖြစ်နေတယ်လို့ သိရပါတယ်။
မြေပြင်မှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ” ပိတပ်တုန်းကလည်း ဒီလိုပဲရွာသားတွေကို ဓားစာခံလုပ်တယ်။ ဒီလိုချိန်တွေမှာဆို ကျနော်တို့အနေနဲ့ အရမ်းသတိထားရတယ်။ တကယ်ကိုအခက်အခဲဆုံးကာလတွေပဲ။” လို့ တိုက်ပွဲအတွင်းအခြေအနေကိုပြောပြပါတယ်။
နေ့လည် ၁၁ နာရီလောက်ကတည်းက ပလမြို့ရဲစခန်းကနေ လက္ကူးကျေးရွာအုပ်စုဘက်ကို လက်နက်ကြီးပစ်နေတယ်လို့လည်း သိရပါတယ်။
လက္ကူးရွာသားတချို့ကိုလည်း စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းထဲမှာ ဓားစာခံအနေနဲ့ဖမ်းဆီးထားပြီး တချို့ကတော့ ကြိုတင်စစ်ဘေးရှောင်နေကြတယ်လို့သိရပါတယ်။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ လက္ကူးကျေးရွာအုပ်စုမှာ အိမ်ထောင်စု ၁,၂၇၇ စု ရှိပါတယ်။
အခုလ ၁၁ ရက်နေ့ကလည်း တိုကျေးရွာအုပ်စု ပိတပ်ရွာမှာ စစ်ကောင်စီတပ်နဲ့ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းတို့ နှစ်ဖက်ပစ်ခတ်မှု ၇ နာရီကြာဖြစ်ခဲ့ပါတယ်။