ကရင်ပြည်နယ်၊ မြဝတီမြို့၊ လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို ပြန်လည်ရရှိရန် အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင်နေပြီး လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက် သိမ်းပိုက်ထားသည့် လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေကြောင်း သိရသည်။
“တော်လှန်ရေး တပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ လက်ခတ်တောင်ကို အခု စစ်ခွေးတွေ ပြန်သိမ်းဖို့ ထိုးစစ်ဆင်နေပါပြီ မြဝတီကနေ ၁၀ မိုင်အထိ အမြောက်သံ၊ ဗုံးသံတွေဆက်တိုက် ကြားနေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ စခန်းကုန်းကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် အပြီးသတ် ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့ပြီး ဆက်သွယ်ရေး စက် ၁ လုံး၊ 60 mm ကျည် ၁၆ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ ကားမိုင်း ၉ လုံး၊ Jammer စက် ၂ လုံး၊ မိုင်းရှာစက် ၂ လုံး၊ စက်လက်ပြောင်း ၁ ပြောင်း၊ ကွန်မန်ဒို ၆၀ မမ ပြောင်း ၂ လက်၊ ၄၀ မမ ကျည် ၉ လုံး၊ G3 ကျည်ဘောက် ၄ ခု၊ MA ကျည်ဘောက် ၂ ဘောက်၊ စစ်ခမောက် ၈ လုံး၊ RPG ပို့ယမ်း ၃ တောင့်၊ RPG သီး ၁ လုံး၊ ၇.၆၂ ကျည် ၁၈၈၀ တောင့် နှင့် ၅.၅၆ ကျည် ၃၀၂ တောင့်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။