အကြမ်းဖက် စစ်ကောင်စီတပ်များအားတော်လှန်တိုက်ခိုက်ရာမှာ လက်နက်ကိုင်ထားသူများကိုသာ ထိခိုက်စေရန်ရည်ရွယ်ရင်းရှိတာဖြစ်လို့ လက်နက်မကိုင်ထားတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများအနေနဲ့ သက်ဆိုင်ရာဌာနရုံးဌာနများ၊ ရုံးခန်းများနဲ့ ဝန်ထမ်းအိမ်ရာများက စွန့်ခွာဖယ်ရှားပေးထားကြဖို့ အထူးသတိပေးကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ ယာယီတပ်ရင်းမှူးနဲ့ မြ၀တီ ခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား ထိခိုက်သေဆုံးခဲ့တဲ့ မြ၀တီထွေ/အုပ်ရုံးနဲ့ ရဲစခန်း ဒရုန်းတိုက်ခိုက်မှု ဖြစ်စဉ်ကို သတင်းထုတ်ပြန်ရာမှာ အခုလို သတိပေးလိုက်တာပါ။
စက်တင်ဘာ ၃ရက်က ဖြစ်ခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုမှာ အကြမ်းဖက် စစ်ကောင်စီအရာရှိတွေအပါအဝင် ၅ဦး သေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ Cobra စစ်ကြောင်း စီမံခန့်ခွဲမှုလက်အောက်ခံ Federal Wings ဒရုန်းတပ်ဖွဲ့မှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
ဒရုန်းတိုက်ခိုက်မှုများဟာ တိကျမှုရှိသည်မှန်သော်လည်း မလိုလားအပ်သည့်ဘေးထွက်ထိခိုက်မှုများမှ ရှောင်ရှားနိုင်ရန်အတွက် မြဝတီမြို့တွင်နေထိုင်သော မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စွဲထားတဲ့ ရုံးများ တပ်စခန်းများနဲ့ ဝေးရာအရပ်သို့ ရွှေ့ပြောင်းနေထိုင်ပေးကြပါရန် အထူး မေတ္တာရပ်ခံ သတိပေး ပန်ကြားကြောင်း လည်း Federal Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မြ၀တီမှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ အကြမ်းဖက် စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့ လက်ခတ်တောင်ကို လက်နက်ကြီးနဲ့ တိုက်ခိုက်တာ လေကြောင်း တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပေမယ့် ထိခိုက်မှုမရှိဘူးလို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ လေယာဉ်ဗုံးများကြောင့် သာသနာအဆောက်အအုံများ ပျက်စီးခဲ့ရကြောင်းလည်း အသိပေးထားပါတယ်။
အကြမ်းဖက် စစ်ကောင်စီဟာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ လက်ခတ်တောင်ကို ပြန်ရဖို့ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူ၊ ဒရုန်းဖြင့် အလစ်အငိုက် ဗုံးကြဲခြင်းများဖြင့်သာမက သာလွန်အင်အားဖြင့် မြေပြင်ထိုးစစ်ဆင်ခြင်းဖြင့် အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ထိခိုက်သေဆုံးမှုများပြီး တောင်ခြေပင် မကပ်နိုင်ဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။