သရက်ချောင်းမြို့နယ်၊ ရငဲရွာမှာ လက်နက်ကြီးကျည်ထိမှန်ပြီး နေအိမ်တစ်ဆောင်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
လက်နက်ကြီးကျည်ပစ်ခတ်မှုဟာ ဒီကနေ့ မနက် ၉ နာရီလောက်မှာ ဖြစ်ပွါးခဲ့တာ ဖြစ်ပြီး ရငဲရွာအနောက်ပိုင်းမှာရှိတဲ့ သစ်နဲ့ အုတ်ညှပ် ဆောက်ထားတဲ့ နေအိမ်တစ်ဆောင်ကို ထိမှန်ကာ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
“အိမ်မှာလူမရှိဘူး။ မီးကတော့ ငြိမ်းသွားပြီး ရွာကလူတွေဝိုင်းငြိမ်းလိုက်ကြတယ်။”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ရငဲရွာမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအပြင်းအထန်တိုက်ပွဲဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ဇူလိုင်လကတည်းက ရွာလုံးကျွတ်စစ်ဘေးရှောင်နေရတာဖြစ်ပြီး ရွာကို ခေတ္တပြန်လာတဲ့ရွာခံတွေ ရှိနေချိန်မို့ ဝိုင်းဝန်ငြိမ်းသတ်နိုင်ခဲ့တာလို့လည်း ဒေသခံတွေက ပြောပြပါတယ်။
ရွာသားတွေ ပြောပြချက်အရ အဲ့ဒီ ပစ်ခတ်မှုကို ရငဲရွာနဲ့ ကပ်ရပ်မှာရှိတဲ့ ကမြိုင်ရွာတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ပစ်ခတ်တဲ့ အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေလည်း မရှိဘူးလို့ သိရပါတယ်။
ဒေသခံအမျိုးသားတစ်ဦးက “မနက်က(လက်နက်ကြီး) ငါးချက်ပစ်သံကြားတယ်။ ငါးချက်မှာ တစ်ချက်ထိသွားတာဖြစ်မယ်။ ကျန်တဲ့ လေးချက်က ဘယ်နားကျလို့ ကျမှန်းမသိဘူး။” လို့ ပြောပါတယ်။
ကမြိုင်ရွာတောင်ပေါ်မှာရောက်နေတဲ့ စစ် ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အနီးတဝိုက်က ရေချိုချောင်းနဲ့ ဆီတောရွာတွေဘက်ကိုလည်း တပ်ဖြန့်ရောက်ရှိနေတယ်ဆိုတဲ့ သတင်းကြောင့် အဲဒီရွာတွေမှာနေထိုင်တဲ့ ဒေသခံ တချို့လည်းထွက်ပြေးတိမ်းရှောင်နေကြပြီလို့ သိရပါတယ်။
နှစ်သစ်ကူးနေ့ကလည်း တင်္နသာရီမြို့နယ်ထဲကညောင်ပင်ကွင်းရွာမှာ စစ်ကောင်စီပစ်တဲ့လက်နက်ကြီး ကျည်ထိမှန်ပြီး နေအိမ်နှစ်ဆောင်ပျက်စီးခဲ့တာ ရှိပါတယ်။
ပြီးခဲ့တဲ့လမှာလည်း စစ်ကောင်စီပစ်တဲ့လက်နက်ကြီးကျည်ထိမှန်ပြီး တနင်္သာရီမြို့နယ်က ရေဖြူကျေးရွာနဲ့ မြိတ်မြို့နယ်က သကန်တောင်ရွာတွေမှာ အရပ်သား၊ အိမ်၊ ကျောက်တင်ကားနဲ့ အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက်၊ သေဆုံးတာတွေ ရှိခဲ့ပါတယ်။