ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ အထက်တန်း ကျောင်းဝင်းထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကျောင်းဖွင့်လှစ်သော် လည်း ကျောင်းတက်တဲ့သူမရှိသလောက်ဖြစ်နေတယ်လို့သိရပါတယ် ။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ရက်နေ့မှာ နမ့်ဖတ်ကာထဲ နှစ်ဖက်အပြန်အလှန်လက်နက်ကြီးပစ် ခတ်မှုဖြစ်ပွားရာမှာ နမ့်ဖတ်ကာရပ်ကွက်ထဲ လက်နက်ကြီး ၃လုံးနဲ့ အ.ထ.က ကျောင်းဝင်းထဲ ၄လုံး ကျရောက် ပေါက်ကွဲပြီး ၁၁နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးနဲ့အမျိုးသားတစ်ဦးလက် နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့ပါတယ် ။
“လက်နက်ကြီးပစ်တဲ့နေ့ဆို မနက် ၁၀ နာရီကျော်ပဲရှိသေးတယ် ။ လက်နက်ကြီးသံကြားတာနဲ့ ကျောင်း သားမိဘတွေကိုယ့်သားသမီးတွေသွားကြိုကြတာ ။ ကျောင်းထဲလက်နက်ကြီးကျတဲ့ချိန်တစ်ချို့ကပြန်ပြီ တချို့မိဘတွေကမလာသေးတော့ ဆရာမတွေက ခလေးတွေခေါ်ပြီးကျောင်းခန်းဘေးအပြင်ဘက်မှာ သူတို့ရပ်ပြီးခိုလှုံတဲ့နေရာရဲ့ရှေ့မှာပဲတစ်လုံးကျတာ ။ တော်သေးလို့ မြေပျော့လို့သာ မြေသာမာရင်သူတို့လူအများကြီးပဲမတွေးဝံ့စရာပဲ လက်နက်ကြီးကစိုက်ဝင်ပြီး အကုန်မပေါက်ထွက်တာ။အဲကြောင့်ကလေးတွေကို ကျောင်းလွှတ်ဖို့တောင် စိုးရိမ်နေရတာဖြစ်တယ်။” လို့ကျောင်းသားမိဘတစ်ဦးက ပြောပါတယ် ။
လက်ရှိကျောင်းပြန်ဖွင့်လှစ်ထားသော်လည်း လာရောက်တက်တဲ့သူ မရှိသလောက်ဖြစ်နေတယ်လို့သိရပါတယ် ။
“၂၈ရက်နေ့မှာစပြီးကျောင်းပြန်ဖွင့်တာ လူတစ်ယောက်နှစ်ယောက်ပဲရှိတော့ အိမ်ပြန်လိုက်တာ။ ဒီနေ့လည်းလူများမယ်ထင်ပြီးသွားတယ် လူလည်းသိပ်မရှိဘူး။ ကျနော်တို့အခန်းတစ်ခန်းကိုတောင်လူအယောက် ၅၀ရှိတယ်။ ခုသုံးခန်းပေါင်းတာတောင် လူ၁၀ယောက်လောက်ပဲရှိတော့ ညနေပိုင်းမသွားတော့ဘူး။”လို့ ကျောင်းသားတစ်ဦးက ပြောပါတယ် ။
ဒီကနေ့မှာလည်း နမ့်ဖတ်ကာ လမ်းမကြီးတစ် လျှောက်မှာ စစ်ကောင်စီအင်အား ၂၀ ကျော်ဖြင့် ခရီးသွားပြည်သူတွေကို စစ်ဆေးတင်းကြပ်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။