ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ဆိုင်ခေါင်ကျေးရွာမှာ စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ ဆိုင်ခေါင်ဒေသခံ အမျိုးသား ရုပ်အလောင်းကို ခလရ (၂၄၁) တပ်မှ ဝင်ရောက် လုယူသွားပြီး TNLA ဝတ်စုံ ဝတ်ဆင်ပေးကာ အရပ်သား သေဆုံးမှုကို ဖုံးကွယ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ TNLA က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၂၅ ရက်နေ့၊ နေ့လယ် ၁ နာရီကျော်မှာ မူဆယ်မြို့နယ်၊ ဆိုင်ခေါင်ကျေးရွာကို ဦးတည်ပြီး စစ်တပ်က လက်နက်ကြီး အပြင် လေကြောင်းကပါ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ဆိုင်ခေါင်ဒေသခံ အသက် ၄၂ အရွယ် အမျိုးသား နေအိမ်အတွင်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ကာ နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။
အဲ့ဒီ့နောက် စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်ပြီး သေဆုံးသွားတဲ့ အမျိုးသား ရုပ်အလောင်းကို မိသားစုဝင်တွေဆီက လုယူသွားကာ TNLA ဝတ်စုံ ဝတ်ဆင်ပေးပြီး အရပ်သား သေဆုံးမှုကို ဖုံးကွယ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ TNLA ကဆိုပါတယ်။
သေဆုံးသွားတဲ့ အသက် ၄၂ အရွယ် ဦးအိုက်လော ရဲ့ ရုပ်အလောင်းကို ပြန်ပေးဖို့ မိသားစုဝင်တွေက ခလရ (၂၄၁) တပ်ထံ အကြိမ်ကြိမ် တောင်းခံခဲ့ပေမယ့် အခုချိန်အထိ ပြန်မပေးသေးဘူးလို့ သိရပါတယ်။