တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်တာကြောင့် နေအိမ်စွန့်ခွာထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ၁၀၀ နီးပါးအတွက် စားနပ်ရိက္ခာအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေကပြောပါတယ်။
“ရိက္ခာက နှစ်ရက်စာလောက်ပဲ ကျန်ပါပြီ။ စစ်ရှောင်တွေ ထပ်ရောက်လာနေတာလည်း ရှိတယ်။ လက်ရှိက အရင်ကကျန်တဲ့ ရိက္ခာတွေနဲ့ဖြေရှင်းနေတာပါ” လို့ တွဲလက်ညီညီစစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူ ကိုဖြိုးကပြောပါတယ်။
တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် ခမရ (၅၅၆) တပ်ကနေ ပြင်ဝန်းရွာထဲကို အခုလ ၂၂ ရက်နဲ့ မနေ့က လက်နက်ကြီးတွေနဲ့ အများအပြား ပစ်ခတ်ခဲ့ပါတယ်။ အဲဒီလက်နက်ကြီးတွေကြောင့် ပြင်ဝန်းရွာကဒေသခံတွေဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရတာပါ။
စစ်ဘေးရှောင်တွေဟာ ရုတ်တရက်ထွက်ပြေးလာတာဖြစ်လို့ ရိက္ခာနဲ့လိုအပ်တဲ့ပစ္စည်းတွေ ပါမလာတဲ့သူတွေများတာကြောင့် ကူညီတဲ့အချိန်မှာလိုအပ်ချက်တွေများနေတယ်လို့လည်း တွဲလက်ညီညီစစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူ ကိုဖြိုးကပြောပါတယ်။
မိုးအဆက်မပြတ်ရာသွန်းနေတာကြောင့်လည်း နေရာထိုင်ခင်းမပြည့်စုံလို့ ထပ်မံတိုးချဲ့တာတွေလည်း စစ်ရှောင်ကူညီသူတွေက လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
တွဲလက်ညီညီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကတော့ အကူအညီလတ်တလောလိုအပ်နေပြီး အလှုရှင်တွေ ဖေ့ဘုတ်စာမျက်နှာရဲ့ ချက်ဘောက်ကတဆင့် ဆက်သွယ်လှုဒါန်းနိုင်တယ်လို့လည်း အသိပေးနှိုးဆော်ထားပါတယ်။
အခုလ ၂၂ ရက်နေ့က ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြောင့် ပြင်ဝန်းရွာထဲကနေအိမ် တစ်ဆောင်ထက်မနည်း ထိမှန်ပျက်စီးခဲ့သလို မနေ့က မနက်ပိုင်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ထိခိုက်ပြီး နေအိမ်ပျက်စီးတာတွေလည်း ရှိခဲ့တယ်လို့သိရပါတယ်။ နေအိမ်ပျက်စီးမှုအရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
အနီးအနားရွာက ဒေသခံတစ်ဦးကတော့ “ပြင်ဝန်းရွာထဲကို လက်နက်ကြီးစပစ်တော့ရွာသားတွေ နီးစပ်ရာခြံတွေထဲဝင်ပုန်းကြသေးတယ်။ မနက်ပိုင်းကျမှ မနေရဲကြတော့လို့ လှေနဲ့တခါတည်းပြောင်းကြတာ” လို့ပြောပါတယ်။