စစ်ကောင်စီက လက်နက်ကြီးနဲ့ လွိုင်ကော်မြို့ပေါ်ကို ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လွိုင်ကော်တောင်ဈေး (သီရိမင်္ဂလာဈေး) တခုလုံးမီးလောင်ပြာကျသွားတယ်လို့ သိရပါတယ်။
မနေ့ညသန်းခေါင်ကစပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ မနက် ၂:၃၀ ခန့်က လွိုင်ကော်တောင်ဈေး (သီရိမင်္ဂလာဈေး) မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး မနက် ၆:၃၀ အချိန်မှာ ဈေးတခုလုံးနီးပါး မီးလောင်ကျွမ်းသွားတယ် လို့သိရပါတယ်။
“ဆန်တန်းကလွဲရင် ကျန်တာအားလုံးပါသွားပြီ။ အကုန်ပါသွားတယ်ပဲပြောရမှာပေါ့။ ဒီဈေးကကျမတို့ ကယားပြည်နယ် တပြည်လုံး အားကိုးရတဲ့ဈေးလေးပါ။ မြို့လည်းတဝက်လောက်ပျက်နေပြီ” လို့ လွိုင်ကော်မြို့ကနေ ထွက်ခွာလာသူတစ်ဦးက ပြောပြပါတယ်။
လွိုင်ကော်တောင်ဈေးလို့ ဒေသခံတွေခေါ်ကြတဲ့ သီရိမင်္ဂလာဈေးဟာ ကရင်နီ(ကယား)ပြည်နယ်ရဲ့ အကြီးဆုံးဈေး ဖြစ်တယ်လို့ ဆိုပါတယ်။
ကရင်နီပြည်နယ်မှာ ၁၁.၁၁စစ်ဆင်ရေး ဆင်နွှဲနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ လွိုင်ကော်မြို့ကို သိမ်းပိုက်ဖို့ ကြိုးစားနေသလို တချို့ရပ်ကွက်တွေကို စိုးမိုးထားနိုင်ပြီလို့ သိရပေမယ့် အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
မြေပြင်မှာအသာစီးမရတဲ့ စစ်ကောင်စီဘက်ကလည်း လူနေရပ်ကွက်တွေထဲ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်နေတာပဲဖြစ်ပါတယ်။