ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်များအား လက်နက်ကြီးပစ်ကူပေးတိုက်ခိုက်နေသည့် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ တပ်စခန်းကိုယနေ့ထပ်မံတိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က အသိပေးထုတ်ပြန်သည်။
နမ့်ဖက်ကာ စစ်ကောင်စီတပ်ကို ယခင်ကလည်း TNLAက တိုက်ခိုက်မှု ရှိခဲ့ပြီး ယနေ့(ဒီဇင်ဘာ ၉ရက်) နေ့လယ်ပိုင်း၌ ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုအတွင်း ထိခိုက်ကျဆုံး အခြေအနေကို ဖော်ပြထားခြင်းမရှိပေ။
TNLAသည် ၁၀၂၇ စစ်ဆင်ရေး စတင်ကတည်းက တိုက်ခိုက်လျက်ရှိသော နမ့်ခမ်းမြို့နယ် စစ်ကောင်စီ စခန်းသစ်ကုန်းကို ယနေ့နံနက်တွင် ဆက်လက် ထိုးစစ်ဆင်ခဲ့ကြောင်း အသိပေးသည်။ အဆိုပါ စခန်းသစ်ကုန်း ဗျူဟာစခန်းကို ထိုးစစ်ဆင်နေသည်မှာ ရက်ပေါင်း ၄၀ကျော်ရှိပြီဖြစ်သည်။
နမ့်ခမ်းစခန်းသစ်ကုန်းဘက်သို့ စစ်ကောင်စီ၏ နမ့်ဖက်ကာ တပ်စခန်းမှ လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ လက်နက်ကြီးပစ်ခတ်မှု ၁၂ကြိမ်ရှိကြောင်း ဖော်ပြသည်။ ထို့ပြင် လေကြောင်း ပစ်ကူ ၁၁ကြိမ်ပြုလုပ်ခဲ့သည်ဟုလည်း TNLAက အသိပေးသည်။
TNLAသည် ကွတ်ခိုင်မြို့နယ် ကွတ်ခိုင်စစ်တပ်စခန်းနှင့် မန်တုံမြို့ စစ်ကောင်စီ ခလရ(၁၃၀) စခန်းကိုလည်း ယနေ့ တိုက်ခိုက်ခဲ့သည်။
ကျောက်မဲမြို့နယ်တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း TNLAက အသိပေးထုတ်ပြန်ခဲ့သည်။