လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တဲ့ မိတ္ထီလာမြို့က ဒုရဲအုပ်တယောက်ကို ကျပ်သိန်း ၄၀ ဂုဏ်ပြု ချီးမြှင့်ခဲ့တယ်လို့ ရေစကြိုအခြေစိုက် Southern YSO PDF အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒုရဲအုပ် ဆန်းလင်းဟာ ခြောက်လုံးပြူး ၁ လက်နဲ့ ကျည် အတောင့် ၃၀၊ ဗုံးသီး ၃ လုံး၊ လက်ထိပ် ၁ ခု၊ 7.62×51 G3 ကျည်အတောင့် ၁၂၀ တို့ ယူဆောင်လာခဲ့ပြီး Southern YSO PDF က နွေးနွေးထွေးထွေး ကြိုဆိုခဲ့သလို ဂုဏ်ပြုငွေ ကျပ်သိန်း ၄၀ ကိုလည်း ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ လွန်ခဲ့တဲ့ ၃ လ ကတည်းက လာရောက်ခိုလှုံဖို့ ဆက်သွယ်ခဲ့ပေမဲ့ ခရီးဝေးတာကြောင့် အခုမှ ရောက်လာနိုင်တာဖြစ်ပြီး ဆိုင်ကယ်တတန်၊ ကားတတန်နဲ့ ခက်ခက်ခဲခဲလာခဲ့ရတာလို့လည်း ဆိုပါတယ်။
သူ့ကို သူနေထိုင်ချင်တဲ့နေရာဆီ ဘေးကင်းကင်း လုံလုံခြုံခြုံ ပို့ပေးခဲ့ပြီး နောက်ထပ် လက်နက်အပ် အလင်းဝင် လာမယ့်သူတွေကိုလည်း နွေးနွေးထွေးထွေး ကြိုဆိုနေတယ်လို့ Southern YSO က ထုတ်ပြန်ဖော်ပြထားပါတယ်။
အလင်းဝင်လာတဲ့ ဒုရဲအုပ် ကိုဆန်းလင်းဟာ စစ်ကောင်စီတပ်သားတွေက ပြည်သူတွေကို အကြောင်းမဲ့သတ်ဖြတ်တာ၊ ပြည်သူတွေရဲ့ အိုးအိမ်နဲ့ စည်းစိမ်ကို မီးရှို့ဖျက်ဆီး လုယက်ယူဆောင်တာကို မနှစ်မြို့တာနဲ့ အာဏာရှင်အတွက် အလုပ်လုပ်ရတာကို မနှစ်မြို့တာ စတဲ့ အကြောင်းအမျိုးမျိုးတွေကြောင့် ပြည်သူ့ရင်ခွင် ဝင်ရောက်ခိုလှုံလာခဲ့တာလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ကလည်း ပခုက္ကူမြို့မရဲစခန်းက ရဲတပ်သား တယောက်ဟာ G3 ၁ လက်နဲ့ လက်နက်အပ် အလင်းဝင်လာလို့ ကျပ်သိန်း ၈၀ ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ဆုကြေးငွေချီးမြှင့်ရာမှာ ငွေကြေးမလုံလောက်လို့ ချေးငှား ပေးနေရတာကြောင့် ပြည်သူတွေအနေနဲ့ နိုင်ရာဘက်က ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။