ကရင်ပြည်နယ်မှာ လက်နက်ချ အညံခံခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သင်္ဃန်းညီနောင်ဗျူဟာမှူးက ရာပေါင်းများစွာသော အသက်တွေကို ကယ်တင်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့တဲ့အကြောင်း ကေအိုင်စီ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
“ရာပေါင်းများစွာသောလူတွေကို ကျွန်တော့်ဘဝနဲ့ ရင်းပြီးတော့ ကယ်ခဲ့တယ်။ ဒီလိုဆုံးဖြတ်ချက် ချဖို့ ကျွန်တော့်မှာ ဘက်ပေါင်းစုံကနေ လက်အောက်ငယ်သားကို ပြောပြရသလို အထက်လူကြီးကို တင်ပြလို့မရပါဘူး။ကျွန်တော်အနေနဲ့ ဘဝနဲ့ရင်းပြီး ဒီဆုံးဖြတ်ချက်ကိုချခဲ့တာ” လို့ အကြမ်းဖက် စစ်တပ်ရဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းလတ်ကပြောပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တွေက ဧပြီ ၅ ရက်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ဗျူဟာ အခြေချ (သင်္ဃန်းညီနောင်) စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
အဲဒီလို စခန်းသိမ်းတိုက်ပွဲအပြီးမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ် ဦးဆောင်တဲ့ အရာရှိအဆင့် ၆၇ ဦး၊ အခြားနဲ့တပ်သားအဆင့် ၄၁၀ ဦး၊ ရဲမေ ၅၉ ဦးနဲ့ တပ်မိသားစုဝင် ၈၁ ဦးတို့အပါအဝင် စုစုပေါင်း ၆၁၇ ဦးလက်နက်ချခဲ့ပါတယ်။