ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်သားသစ် စုဆောင်းပေးနေသော မင်းရပ် ရပ်ကွက်ရုံးကို ဝင်ရောက် ပစ်ခတ်ရာ အုပ်ချုပ်ရေးမှူး ထိပ်ကြီး သေဆုံးခဲ့ကြောင်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် လက်ပံတန်းမြို့နယ်၊ မင်းရပ် ရပ်ကွက်ရုံးကို နွေဦးရောင်ခြည် စစ်ဆင်ရေးအဖြစ် ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး ထိပ်ကြီး(ခ)ကိုသက် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ရပ်ကွက် အုပ်ချုပ်ရေးမှူး ထိပ်ကြီးသည် လက်ပံတန်းမြို့နယ် ပြည်သူ့စစ် ခေါင်းဆောင် ၃ ဦးထဲမှ ၁ ဦးဖြစ်ပြီး ၄င်းကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူများနှင့် ဖမ်းဆီးခံရသည့် ပြည်သူ အများအပြားရှိကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် အတွက် စစ်သားသစ် စုဆောင်းပေးရာတွင်လည်း ဦးဆောင် လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ပြည်သူများကို အမျိုးမျိုး ဒုက္ခပေးနေသည့်အတွက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တယား လည်ပတ်ပေးနေသူများကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။