ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့လယ်ခေါင်မှာ မှုခင်းရှုထောင့်သတင်းသမားနဲ့ အတူပါလာသူ အမျိုးသားတို့ ဒီနေ့ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဩဂုတ် ၁၂ ရက် ဒီမနက် ၁၀ နာရီအချိန်မှာ မြို့မရပ်ကွက်၊ လမ်းမတော်လမ်းက စိန်စံပယ်ဦးရုပ်ရှင်ရုံရှေ့မှာ ပစ်ခတ်ခံခဲ့ရတာလို့ မြို့ခံတယောက် ပြောပါတယ်။
“စစ်ကောင်စီကို ထောက်ခံတဲ့လူတွေပါ။ မှုခင်းသတင်းထောက်လုပ်လာတာ ကြာပြီ။ ဒလန်တွေထုံးစံအတိုင်း ပြည်သူကို ဒုက္ခမျိုးစုံပေးနေကျပါ။ အရင်ကလည်း တိုက်ခိုက် ခံရဘူးတယ်၊ မသေတာ။ အခုက ပွဲချင်းပြီးသေတယ်။ သူ့နောက်က အမြဲလိုက်နေကျ ကောင်လည်း ဆေးရုံပေါ်မှာ သေတယ်လို့ကြားတယ်” လို့ ပြောပါတယ်။
အခုတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာတော့ သတင်းထုတ်ပြန် ထားတာကို မတွေ့ရှိရသေးပါဘူး
သေနတ်နဲ့ ပစ်ခတ်ခံရလို့ လက်ပံတန်းမြို့၊ မင်းရပ်ရပ်ကွက်မှာနေထိုင်သူ မှုခင်းရှုထောင့် သတင်းထောက် ဦးကျင်ထွေးဟာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာနဲ့ နေရာတင် သေဆုံးခဲ့ပြီး သူ့နောက်လိုက်ဖြစ်သူ အသက် ၂၈ နှစ်အရွယ်၊ ကိုသက်မောင်မောင်ကတော့ ဝမ်းဗိုက် ကျည်ထိမှန်ဒဏ်ရာနဲ့ လက်ပံတန်းဆေးရုံကြီးအရောက်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၁ ရက်နေ့ကလည်း လက်ပံတန်းမြို့၊ ဇီးဖြူကုန်းတိုက်နယ် ရဲစခန်းနဲ့ လောင်းကစားဝိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့လို့ ရဲ ၂ ယောက်နဲ့ စစ်ကောင်စီသတင်းပေး ၂ ယောက်တို့ သေဆုံးခဲ့ပါတယ်။