စစ်ရေးတင်းမာနေသည့် ကရင်ပြည်နယ်၊ မြ၀တီမြို့အနီး လက်ခတ်တောင်ကို ယနေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ကနေ လေကြောင်းကနေ ထပ်မံတိုက်ခိုက်နေပြီး သင်္ဃန်းညီနောင်ကျေးရွာတွင်လည်း ထိတွေ့တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်ဒေသတွင်း ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ(၆)ပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲများ တစ်ပတ် ကြာမြင့်လာချိန် မြ၀တီမြို့အနီးရှိ လက်ခတ်တောင်ကုန်းကို ယနေ့ မွန်းလွဲ(၂)နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဖျက်အားပြင်းဗုံးများဖြင့် ကြဲချခဲ့သည်။
ထိတွေ့တိုက်ပွဲ တစ်ပတ်ကြာလာသည့်အချိန် လက်ခတ်တောင်ကုန်းကို စစ်ကောင်စီတပ်က နှစ်ကြိမ်မြောက် လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုကိုတော့ လတ်တလော၌ မသိရကြောင်း ဒေသခံတွင်းသတင်းရင်းမြစ်များက ပြောသည်။
“လက်ခတ်တောင်ကို (ဗုံး)လာချသွားတယ်။ မီးတွေပါလောင်တယ် တောင်ပေါ်မှာ” ဟု သတင်းရင်းမြစ်များက ပြောသည်။
ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း သင်္ဃန်းညီနောင်အခြေစိုက် ခမရ ၃၅၇ တပ်ရင်းအနီး သင်္ဃန်းညီနောင်နှင့် ဝှေ့ရှမ်းကျေးရွာကြားတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။
ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ ခမရ(၃၅၅)တပ်ရင်းဌာနချုပ်၊ သင်္ဃန်းညီနောင်နယ်မြေရဲစခန်း၊ ဖလူးစခန်းများကို KNLA တပ်မဟာ(၆) တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ကျန်ရှိနေသည့် ဗျူဟာနှင့်တပ်ရင်းစခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။