လန်ဒန်မြို့၌ ကျင်းပသည့် တေးသံရှင် ဖြူဖြူကျော်သိန်း၏ “Phyu Phyu In London” နွေဦးတော်လှန်ရေး ရန်ပုံငွေ ကိုယ်တော်ဂီတပွဲကို နိုဝင်ဘာ ၂ ရက် နေ့ ညပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ လန်ဒန်ရောက် မြန်မာတစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း ပွဲစီစဥ်သူ ဒေါက်တာသက်ကိုကို ကပြောပါသည်။
ယင်း “Phyu Phyu In London” တကိုယ်တော်ဂီတပွဲတွင် ရရှိမည့်ဝင်ငွေအားလုံးကို အနုပညာကြေး တပြားတချပ်မှမယူဘဲ NUG အစိုးရမှတဆင့် မြန်မာပြည်တွင်း လိုအပ်နေသည့်နေရာများကို လှူဒါန်းသွားရန် စီစဥ်ထားကြောင်း၊ ဂီတပွဲမှရရှိလာမည့် ငွေကြေးများကို ကုန်ကျစရိတ်နှုတ်ပြီး မြန်မာပြည်တွင်းရှိ IDP စခန်းများကို NUGလက်အောက် လူကယ်ပြန်ဝန်ကြီးဌာနမှ တဆင့်လှူဒါန်းသွားမှာဖြစ်ကြောင်း၊ NUG ဆေးကျောင်းနှင့် ခြေတု လက်တုများအသုံးပြုရာတွင်လည်း လှူဒါန်းသွားမှာဖြစ်ကြောင်း ဒေါက်တာ သက်ကိုကိုကပြောသည်။
ယင်းနွေဦးတော်လှန်ရေး ရန်ပုံငွေ ကိုယ်တော်ဂီတပွဲတွင် တေးသံရှင်ဖြူဖြူကျော်သိန်းနှင့် အတူတူတွဲဖက် တီးခတ်ပေးထားသည့် ကရင်၊ ချင်း၊ ကချင်၊ ရှမ်း လူမျိုးပေါင်းစုံ ပူးပေါင်းဖွဲ့စည်းထားသော UKအခြေစိုက် The Federal Music Band မှလည်း မေတ္တာဖြင့် ကူညီတီးခတ်ပေးထားကြောင်း သိရသည်။